ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က Bitcoin ဟာ တန်ဖိုးထိုးတက်ဦးမှာ ဖြစ်ပြီး သူသာ သမ္မတပြန်ဖြစ်ရင် အမေရိကန်ကို ကမ္ဘာ့ခရစ်ပတိုငွေကြေးမြို့တော်ဖြစ်အောင် လုပ်မှာဖြစ်ကြောင်း ကြွေးကြော်ခဲ့ပါတယ်။
နက်ရှ်ဗီးလ်မှာ ကျင်းပတဲ့ ခရစ်ပတိုငွေကြေး ကွန်ဖရင့်မှာ မိန့်ခွန်းပြောရာမှာ အခုလို ထည့်ပြောသွားတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲမှာ ခရစ်ပတိုငွေကြေး လိုလားသူတွေကိုပါ ဆွဲဆောင်ဖို့ ခရစ်ပတိုကို လက်ခံအားပေးတဲ့ ရပ်တည်ချက်ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် သူသမ္မတဖြစ်စဉ်ကတော့ ထရမ့်ပ်က Bitcoin ဆိုတာ ပိုက်ဆံမဟုတ်ဘူး၊ ပျက်စီးလွယ်ပြီး လေထဲမှာ အခြေခံထားတာလို့ ဝေဖန်ခဲ့ဖူးပါတယ်။
ယူအက်စ်အေမှာ တခုတည်းသော ငွေကြေးက အမေရိကန်ဒေါ်လာပဲလို့လည်း ပြောခဲ့ဖူးပါတယ်။
၂၀၂၁ မှာလည်း Bitcoin ဆိုတာ လိမ်လည်မှုကြီးလို့ ထရမ့်ပ်က ပြောခဲ့ဖူးပါတယ်။ အခုအခါမှာတော့ လုံးဝ သဘောထားပြောင်းသွားပြီဆိုတာကို အတိအလင်း ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ထရမ့်ပ် မဲဆွယ်အဖွဲ့က ခရစ်ပတိုနဲ့ပါ အလှူငွေလက်ခံနေပြီး ဒေါ်လာတန်ဖိုးအားဖြင့် ၄ သန်း တန်ဖိုးရှိတဲ့ ခရစ်ပတိုငွေကြေးရန်ပုံငွေ ရရှိထားတယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။
သူသာသမ္မတဖြစ်ရင် ခရစ်ပတိုငွေကြေး mining လုပ်တဲ့ ကုမ္ပဏီတွေ အမေရိကန်ပြည်ထောင်စုမှာ လုပ်ကိုင်ရလွယ်ကူအောင် လုပ်ပေးမှာဖြစ်ပြီး တခြားနိုင်ငံတွေကို အရောက်ခံမှာ မဟုတ်ဘူးလို့လည်း ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
အနာဂတ်ကို ခရစ်ပတိုက ပြဋ္ဌာန်းမယ်ဆိုရင် ယူအက်စ်အေမှာပဲ လုပ်ဆောင်စေရမယ်လို့လည်း ထရမ့်ပ်က အာမခံ ပြောကြားခဲ့ပါတယ်။
Source-Reuters