(အောက်ပါစာတမ်းသည် သြစတြေးလျနိုင်ငံအခြေစိုက် Lowy Institute မှ ထုတ်ဝေသည့် “Outrage is not a Policy: Coming to terms with Myanmar’s Fragmented State” ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ “ဒေါသူပုန်ထခြင်းသည် မူဝါဒတခု မဟုတ်ပါ- တစစီကွဲနေသော မြန်မာနိုင်ငံကို နားလည်လက်ခံခြင်း” ဟု စာတမ်းခေါင်းစဉ်ကို ဘာသာပြန်ရပါလိမ့်မည်။ စာတမ်းရှင်မှာ Australian Defence Force Academy ၏ အကြီးတန်းကထိက မော်တန်ပက်ဒါဆင် (Morten B. Pedersen) ဖြစ်ပါသည်။ မော်တန်ပက်ဒါဆင်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ နှစ်ပေါင်း ၂၀ ကျော် လေ့လာခဲ့သူဖြစ်ပြီး သြစတြေးလျအစိုးရ၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့တို့အတွက် အကြံပေးအဖြစ် အလုပ်လုပ်ခဲ့သည်။)
အနာဂတ်စစ်ပွဲအလွန် အကျိုးဆက်များ
ဆွေးနွေးညှိနှိုင်းမှုနဲ့ဖြစ်ဖြစ်၊ အင်အားသုံးမှုနဲ့ဖြစ်ဖြစ် စစ်ကောင်စီ ပြိုပျက်သွားမယ်ဆိုရင် တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ မြန်မာလူထုအနေနဲ့ ဘယ်တုန်းကမှ မရခဲ့ဘူးတဲ့ အခွင့်အရေး တခုကို ရရှိပါမယ်။ စစ်တပ်ကွပ်ကဲမှုအောက်မှာ နှစ် ၇၀ ကြာ အတင်းအဓမ္မ တည်ဆောက်ခဲ့ပြီး မအောင်မြင်ခဲ့တဲ့ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်နိုင်တဲ့ အခွင့်အရေးကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကကျတဲ့ တော်လှန်ရေးအဖွဲ့များ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံမျိုး တည်ဆောက်ဖို့လမ်းက ကျဉ်းမြောင်းပြီး စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီနေရာမှာလည်း ဖြစ်နိုင်ခြေရှိတဲ့ အကျိုးဆက်တွေက အမျိုးမျိုး ရှိနေပါတယ်။
စစ်ပွဲလွန်ဖြစ်နိုင်ခြေအကျိုးဆက် (၁) - တောင့်တင်းခိုင်မာတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ
အကျင့်ပျက်ခြစားပြီး ဖိနှိပ်အုပ်စိုးတဲ့ စစ်ကောင်စီကို ဖယ်ရှားပြီးတာနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ချက်ချင်းအစားထိုးမယ်ဆိုတဲ့ မှန်းဆချက်ကို စာနဲ့ပေနဲ့ ရေးသားထားကြပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ လိုအပ်ချက်ဆိုတာ ထင်ရှားတယ်။ ဒါပေမဲ့ ဒီလိုအပ်ချက်ကို ရရှိဖို့က စိတ်ကောင်း စေတနာကောင်းတွေ၊ တီထွင်ဖန်တီးမှုတွေ အများအပြားရှိမှ ဖြစ်မယ်။ နောက်ပြီး ကံကောင်းအကြောင်းသင့်ဖို့လည်း လိုသေးတယ်။
ဒီယူဆချက်အပေါ် အကောင်းမြင်ဖို့အတွက် ခိုင်မာတဲ့အကြောင်းတရားတွေ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားမျိုးနွယ် ပေါင်းစုံဟာ စစ်ကောင်စီရဲ့ လက်အောက်မှာ အကြမ်းဖက်မှုနဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို အတူခံစားရင်း မရှိခဲ့ဘူးတဲ့ ပေါင်းစည်းမှုမျိုးကို ရရှိလာခဲ့ကြတယ်။ အမြင်ချင်း၊ အကျိုးစီးပွားချင်း မတူကွဲပြားတာတွေ ရှိနေသေးပေမဲ့ အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေကြားမှာ ရင်းနှီးမှုနဲ့ အပြန်အလှန် လေးစားမှုအပေါ် အခြေခံတဲ့ ဆက်ဆံရေးမျိုး ဖွံ့ဖြိုးလာခဲ့ပါတယ်။ တိုက်ပွဲတွေကို ပူးပေါင်းဆင်နွှဲရင်း ရလာတဲ့ ဆက်ဆံမှုလို့ အတိအကျ ပြောနိုင်တယ်။
ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ အုပ်ချုပ်ရေးဖွဲ့စည်းမှု အသစ်တွေထဲမှာ အများအပြားက ဖက်ဒရယ်မူနဲ့ ညီညွတ်သလို ဒီမိုကရေစီနည်းလမ်းလည်း ကျပါတယ်။ နေပြည်တော်မှာ တက်လာတဲ့ အစိုးရသစ် မှန်သမျှဟာ အင်အားကြီးတဲ့ ဒေသခံအဖွဲ့အစည်းတွေကို ဘေးဖယ်ပြီး ဗဟိုချုပ်ကိုင်မှုစနစ်တခုကို ဖန်တီးနိုင်မှာ သေချာပါတယ်။
အောင်မြင်တဲ့နိုင်ငံ တည်ဆောက်ရေးအတွက် အပေးအယူ အများအပြား လုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ယေဘုယျအားဖြင့်တော့ အပေးအယူလုပ်တဲ့ ကိစ္စမျိုးဟာ မြန်မာ့နိုင်ငံရေး ဓလေ့နဲ့ စိမ်းပါတယ်။ အင်အားကြီးတဲ့ ဒေသခံအဖွဲ့အစည်းတွေက လုပ်ပိုင်ခွင့်အာဏာတွေနဲ့ အခွင့်ထူးတွေကို တောင်းဆိုကြပါလိမ့်မယ်။ ဒါကို သမားရိုးကျ ဗမာခေါင်းဆောင်တွေက အလွယ်တကူ လိုက်လျောမှာ မဟုတ်ဘဲ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေလိမ့်မယ်။
နောက်တခုကတော့ နိုင်ငံရေးအာဏာပိုင်အသီးသီးမှာ မတူကွဲပြားတဲ့ နိုင်ငံရေးဓလေ့နဲ့ စနစ်တွေ ရှိနေတဲ့အချက်ပါ။ ဥပမာပြရရင် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီတို့ဟာ NUG လိုပဲ ခိုင်မာတဲ့ ဒီမိုကရေစီ အစဉ်အလာ ရှိပေမဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ကတော့ အာဏာရှင်ပိုဆန်တဲ့ အစဉ်အလာမျိုး ရှိနေပါတယ်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့ကတော့ မြေရှင်ပဒေသရာဇ်ဆန်တဲ့ အစဉ်အလာထဲမှာပဲ ရှိနေသေးတယ်။
သူ့ဒေသနဲ့သူ ရှိနေတဲ့ ရုပ်ဝတ္ထုဆိုင်ရာ အရှိတရားတွေကလည်း အကျိုးဆက်ကို တွက်ဆရာမှာ အရေးပါတဲ့ အချက်တချက် ဖြစ်ပါတယ်။ နယ်မြေသေးငယ်ပြီး ဆင်းရဲတဲ့ ချင်းပြည်နယ်နဲ့ ကယား (ကရင်နီ) ပြည်နယ်ထဲက တိုင်းရင်းသားခေါင်းဆောင်တွေက အင်အားတောင့်တင်းတဲ့ ဖက်ဒရယ် ပြည်ထောင်စုထဲက ခွဲထွက်ဖို့ စဉ်းစားမှာ မဟုတ်ပေမဲ့ ရခိုင်၊ ကချင်နဲ့ ‘ဝ’ တို့ကတော့ အဆင့်မြင့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကိုပဲ လိုလားတာကို ထင်ထင်ရှားရှား မြင်နေရပါတယ်။ ကိုယ်ပိုင်စစ်တပ် ဆက်ထားပြီး ကိုယ့်ပြည်နယ်ထဲမှာရှိတဲ့ သဘာဝသယံဇာတကရတဲ့ ဝင်ငွေအများစုကို ရယူမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။
ဗဟိုကွပ်ကဲမှုနဲ့ ဒေသအုပ်ချုပ်မှုကြား ဟန်ချက်ညီညီ အလုပ်လုပ်နေတဲ့ နိုင်ငံလုံးဆိုင်ရာ အမျိုးသားစနစ်ကြီးအတွင်းမှာ အမျိုးမျိုးကွဲပြားနေတဲ့ အကျိုးစီးပွားတွေ၊ လောကအမြင်တွေနဲ့ အစဉ်အလာ ဓလေ့စရိုက်တွေကို စုရုံးပေါင်းစည်းဖို့ကိစ္စက ရေရှည်လုပ်ရမယ့် စီမံကိန်းကြီးတခု ဖြစ်ပါတယ်။ ရှိရင်းစွဲ ယူဆချက်တွေနဲ့ မျှော်လင့်ချက်တွေကို အခြေခံကျကျ ပြန်စဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။ ဥပမာပြရရင် ဖက်ဒရယ်အစိုးရဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်ယူနစ်များရဲ့ နယ်နိမိတ် သတ်မှတ်ချက်ဆိုင်ရာ ကိစ္စတွေကို ပြန်စဉ်းစားဖို့ လိုပါတယ်။
စစ်ပွဲလွန်ဖြစ်နိုင်ခြေ အကျိုးဆက် (၂) - စစ်တပ်ပုံစံဖွဲ့စည်းထားတဲ့ ကွန်ဖက်ဒရေးရှင်းနိုင်ငံ
ညှိနှိုင်းဆွေးနွေးမှုတွေကြောင့် အပေးအယူကိစ္စ သဘောတူညီချက်ရတာမျိုး၊ နောက်ပြီး အတွေးအမြင်သစ်တွေကို လက်ခံတာမျိုး မဖြစ်လာဘူးဆိုရင် မြန်မာနိုင်ငံသစ်အတွက် အစ နိဒါန်းဟာ ဘာမှ သဘောကျစရာ ရှိမှာမဟုတ်ဘူး။ ထိုနည်းတူပဲ မကျေနပ်စရာတွေနဲ့ပဲ အဆုံးသတ်ဖို့ များပါတယ်။ တမျိုးသားလုံး တိုးတက်ဖွံ့ဖြိုးဖို့ ဆိုတာထက် ကိုယ်ပိုင်အုပ်ချုပ်ရေးကိုပဲ ဦးစားပေးတဲ့ စစ်ပုံစံကျ ကွန်ဖက်ဒရေးရှင်းနိုင်ငံမျိုးပဲ ဖြစ်လာပါလိမ့်မယ်။ အင်အားချည့်နဲ့တဲ့နိုင်ငံပဲ ဖြစ်မယ်။ နိုင်ငံရဲ့ ဒေသအများအပြားမှာ သေနတ်ပြောင်းဝကပဲ အာဏာထွက်ပေါ်လာနေပါလိမ့်မယ်။ ဒီအကျိုးဆက်ဖြစ်လာရင် ဗဟိုနဲ့ ပြည်နယ်ဒေသကြားမှာ တင်းမာမှုတွေ အမြဲတမ်းရှိနေပါမယ်။ အထူးသဖြင့် သဘာဝသယံဇာတ ခွဲဝေမှုမှာ တင်းမာမှုတွေ ရှိနေမယ်။ တရားဥပဒေစိုးမိုးမှု၊ နယ်စပ်ဒေသမှာ အမြစ်တွယ်နေတဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းများ နှိမ်နင်းရေးမှာ တင်းမာမှုတွေ ရှိနေမယ်။
စစ်ပွဲလွန်ဖြစ်နိုင်ခြေအကျိုးဆက် (၃) - လူမျိုးရေးဝါဒနဲ့ လက်နက်ကိုင်ပဋိပက္ခအသစ်များ ပေါ်ပေါက်လာခြင်း
အဆိုးရွားဆုံး အကျိုးဆက်တခုကတော့ လူမျိုးရေးအခြေခံတဲ့ဝါဒတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ လူမျိုးရေးသုတ်သင်မှုတွေ၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေလည်း ပေါ်လာနိုင်ပါတယ်။ ဒီအကျိုးဆက်ထဲမှာ ရှိလာမယ့် အန္တရာယ်က ဗဟိုအစိုးရနဲ့ တိုင်းရင်းသားအုပ်စုတွေကြားမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်တာမျိုး မဟုတ်နိုင်ပါဘူး။ ဗဟိုအစိုးရက အားနည်းပြီး စစ်မတိုက်နိုင်တဲ့ အခြေအနေမှာ ရောက်နေလို့ပါပဲ။ တိုင်းရင်းသားနယ်မြေအတွင်းမှာ ပိုင်ဆိုင်မှုအငြင်းပွားရင်း လက်နက်နဲ့ ဖြေရှင်းကြတာမျိုးတွေ ဖြစ်လာမှာပါ။ ပြည်တွင်းစစ်ကြောင့် အင်အားတောင့်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေဟာ ကာလတာရှည် ထားရှိခဲ့တဲ့ ကိုယ်ပိုင်နယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ရေး မျှော်မှန်းချက်ကို အပြီးသတ် အကောင်အထည်ဖော်ကြမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ လူမျိုးစုအလိုက်နဲ့ ပထဝီအနေအထားအရ နယ်မြေအပိုင်းအခြားများက သီးသီးသန့်သန့် မရှိပါ။ ဥပမာ- မကြာခင်က ရှမ်းပြည်မြောက်ပိုင်းမှာ အောင်ပွဲခံခဲ့ပြီး အခုအခါ ပြည်နယ်ရဲ့ အစိတ်အပိုင်းများစွာကို ထိန်းချုပ်ထားတဲ့ ညီနောင်မဟာမိတ်အဖွဲ့များဟာ တကယ်တော့ ရှမ်းလူမျိုးများ မဟုတ်ကြပါ။ ကိုးကန့်နဲ့ ပလောင်လူမျိုးတို့ဟာ လူများစုဖြစ်တဲ့ ရှမ်းလူမျိုးများအပေါ် မကျေနပ်ကြသလို ရှမ်းလူမျိုးများကလည်း သူတို့အပေါ် မကျေနပ်ခဲ့ကြပါ။ နိုင်ငံအနောက်ပိုင်းမှာတော့ အာရက္ခတပ်တော် (AA) ဟာ ပလက်ဝဒေသအတွင်းမှာ အမာခံ စခန်းတခုကို တည်ဆောက်ထားပါတယ်။ ပလက်ဝဟာ သမိုင်းအရဆိုရင် ရခိုင်ဘုရင့်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ပေမဲ့ အခုတော့ ချင်းပြည်နယ်ထဲမှာ ပါဝင်နေပါတယ်။
နိုင်ငံရဲ့ အရှေ့တောင်ဘက်ဒေသမှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ ကရင်ပြည်နယ်သာမက မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းထဲက ဒေသအစိတ်အပိုင်းတွေကိုပါ ပိုင်နက်နယ်မြေ လုပ်ထားပါတယ်။
မြန်မာနိုင်ငံကို လူမျိုးစုအခြေပြုတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံမျိုး တည်ထောင်ဖို့ ကြိုးစားမှုတိုင်းမှာ ပါဝင်နေတဲ့ ရှုပ်ထွေးမှုတွေနဲ့ အန္တရာယ်တွေကို အထက်က ဥပမာတွေက ထင်ရှားစေပါတယ်။ ဒါပေမဲ့ ယခုထက်တိုင်အောင် တခြားရွေးချယ်စရာ စနစ်တွေနဲ့ ပတ်သက်ပြီး လေးလေးနက်နက် ဆွေးနွေးတာမျိုး မရှိသေးပါဘူး။
ဖော်ပြခဲ့တဲ့ ဖြစ်နိုင်ခြေ အကျိုးဆက်တွေဟာ တခုနဲ့တခု ဆန့်ကျင်ပြီး သီးခြားရှိနေတာမျိုး မဟုတ်ပါဘူး။ စစ်ကောင်စီပြုတ်ကျသွားတာရဲ့ ရလဒ်ကတော့ နိုင်ငံရဲ့ ဒေသအသီးသီးမှာ ဖော်ပြပါ ဒီဖြစ်နိုင်ခြေ အကျိုးဆက် ၃ မျိုးစလုံး ပေါင်းနေတဲ့ အနေအထားက အဖြစ်နိုင်ဆုံးပါပဲ။
အာဏာတွေ တစစီဆက်ကွဲနေတာဟာ သဘာဝအရ မကောင်းတဲ့အချက်တော့ မဟုတ်ပါ။ ဒါပေမဲ့ နိုင်ငံသစ်ရဲ့ ဖွဲ့စည်းထားတဲ့ပုံစံနဲ့ ပတ်သက်ပြီး စိတ်ကူးထားတာရှိရင်ပဲ ဖြစ်ဖြစ်၊ မရှိသေးရင်ပဲ ဖြစ်ဖြစ် တိုင်းရင်းသားလူမျိုးစုအားလုံး ပေါင်းစည်းနိုင်မယ့် အခွင့်အလမ်းတခုရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ စစ်တပ်ကို အနိုင်ရရုံနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတခု ပေါ်ထွန်းလာမှာ မဟုတ်သလို ငြိမ်းချမ်းရေးဆီကို ဦးတည်သွားမှာလည်း မဟုတ်ဘူး။ စစ်ကောင်စီ ပြိုကွဲခြင်းဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြန်စဉ်းစားဖို့နဲ့ ပြန်တည်ဆောက်ဖို့ အခွင့်အလမ်းသစ်တခုကို ပေးအပ်မှာပါ။ မကြုံစဘူး ထူးကဲတဲ့ ဒီအခွင့်အလမ်းသစ်ကို စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေ အနေနဲ့ ဘယ်လို အသုံးချနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုပါဦးမယ်။
(ဆက်ရန်)