အာဆီယံအနေနဲ့ လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့သာ မြန်မာ့အရေးကို ချဉ်းကပ်စေချင်တယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးတာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၂၁ ရက်ကနေ ၂၈ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အချက်လေးချက်ကိုလည်း ထည့်သွင်းဖော်ပြခဲ့တာပါ။
အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့၊ အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်ကို ဆက်လက်ကိုင်စွဲမှာဖြစ်ပေမယ့် ပြန်သုံးသပ်ပြီး လာမယ့် အာဆီခေါင်းဆောင်တွေ အစည်းအဝေးမှာ အကြံပြုချက်တွေ တင်သွင်းဖို့၊ မြန်မာ့အရေး အထူးသံတမန်ရဲ့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ တွေ့ဆုံနိုင်ရေးအားထုတ်မှုကို အသိအမှတ်ပြုကြောင်းနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ၃ နိုင်ငံက ဦးဆောင်ပြီး မြန်မာ့အရေးကို အလွတ်သဘော တိုင်ပင်ဆွေးနွေးမှုကို စတင်နိုင်ခဲ့တယ်ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။
ဒီအချက်တွေနဲ့ပတ်သက်ပြီး အာဆီယံရဲ့ မြန်မာ့အရေး ကူညီဖြေရှင်းဖို့ကြိုးစားတာကို ကြိုဆို လက်ခံတယ်ဆိုပေမဲ့ လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့သာ ပိုပြီးချဉ်းကပ်စေချင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူက သုံးသပ်ပြောဆိုလိုက်ပါတယ်။
NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံအရေးမှာ relevant (လက်တွေ့ကျကျ ချဉ်းကပ်နိုင်ဖို့) ဆိုရင် မြန်မာပြည်သူလူထုတွေ ဖြစ်ချင်တဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ အဖြေရဖို့အတွက် ကြိုးစားဆောင်ရွက်ရမှာ။ ဘုံသဘောတူညီချက် ၅ ရပ်က အင်မတန်ကောင်းပါတယ်။ ဒါပေမဲ့ ဘာကြောင့် မအောင်မြင်သလဲ။ မအောင်မြင်တဲ့ဟာကို ပြန်လည်ပြီးတော့ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်နဲ့ အကောင်အထည်ဖော်ဖို့ သေသေချာချာ လုပ်ဖို့လိုတယ်။ မလိုက်နာရင် ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့အတွက်လည်း ပြောထားတာ ၂ နှစ်လောက်ရှိသွားပြီပေါ့နော်။ ပြန်လည်သုံးသပ်မယ် ပြောတယ်။ ပြန်လည်သုံးသပ်ရုံတင် မကဘူး။ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ရမှာ၊ ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေ လုပ်ရမှာ။ ဒါကြောင့် လက်တွေ့ကျကျဟာတွေလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ နောက်တခုကျတော့ လူသားချင်းစာနာမှုအထောက်အကူပြုဖို့ပေါ့နော်။ ဒုက္ခရောက်နေတဲ့ လူတွေလက်ထဲကို ရောက်အောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ မြေပြင်မှာလုပ်နေတဲ့ အဖွဲ့အစည်းတွေ ကျနော်တို့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့လည်း အရေးတကြီး လိုအပ်တယ် ဆိုတာကို ပြောကြားချင်ပါတယ်”လို့ ပြောပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်ကလည်း မြန်မာစစ်တပ်ရဲ့ စိတ်ဆန္ဒမရှိမှုကြောင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ တိုးတက်မှု အရမ်းနည်းလွန်းတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းကလည်း အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လေးစားလိုက်နာဖို့နဲ့ ပဋိပက္ခတွေ ဖြေရှင်းဖို့ မတူကွဲပြားတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ဖို့လည်း မြန်မာစစ်အာဏာရှင်ကို တိုက်တွန်းထားပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာ့အရေး ကူညီဖြေရှင်းပေးကြဖို့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးကလည်း တိုက်တွန်းခဲ့ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဧပြီလက ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးကနေ မြန်မာအရေး အာဆီယံရဲ့ဘုံ သဘောတူညီချက် ၅ ရပ် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အခု ၃ နှစ်ကျော်ရှိလာတဲ့အထိ တချက်မှာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။
တရုတ်နဲ့ အနောက်အင်အားကြီးနိုင်ငံတွေကလည်း မြန်မာ့အရေးမှာ တိုက်ရိုက်ပါဝင်တာမျိုးထက် အာဆီယံကနေတဆင့်သာ ချဉ်းကပ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဒီလမ်းကြောင်းကို အသုံးပြုခဲ့ကြတာပါ။
အာဆီယံအထူးသံတမန်တွေက မြန်မာ့အရေးမှာ သက်ဆိုင်တဲ့ အစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဖို့ ကြိုးစားတယ်ဆိုပေမဲ့ အစောပိုင်းကာလတွေမှာ စစ်ကောင်စီဘက်ကို ဦးစားပေးဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ဦးမိုးထက်နေက “နှစ်ဖက်စလုံးနဲ့ ထိတွေ့ဆက်ဆံတယ်တို့ ဘာတို့ဆိုတာလည်း ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ နှစ်ဖက်လုံးနဲ့ ထိတွေ့ ဆက်ဆံတယ် ဆိုတဲ့နေရာမှာ တရားဝင်တွေတော့ ဖြစ်ဖို့လိုတာပေါ့ဗျာ။ တိတ်တိတ်ကလေး ခိုးတွေ့တယ်၊ ခြံစည်းရိုး ခေါင်းထိုးပြီးတော့ ဟိုဘက် ဒီဘက် စကားပြောတယ် ဆိုတာမျိုးတော့ ဖြစ်လို့မရဘူးပေါ့ဗျာ။ အထူးသဖြင့်တော့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကို ဒိထက်ပိုပြီးတော့ တရားဝင်မှုမျိုးနဲ့ ဆက်ဆံကြဖို့၊ ဒီထက်ပိုပြီး တရားဝင်မှုနဲ့ ချဉ်းကပ်ကြဖို့တော့ လိုလိမ့်မယ်လို့တော့ ကျနော် ပြောချင်ပါတယ်။ နောက်တခုက တကယ် လူသားချင်းဆိုင်ရာ အကူအညီတွေ အထောက်အပံ့တွေ ဆိုတာလည်း တလျှောက်လုံး လူထုအားဖြင့်ပေါ့ဗျာ နောက်တော်လှန်ရေးအင်အားစုတွေရဲ့ ပံ့ပိုးမှုအားဖြင့်ပဲ ဖြတ်သန်းခဲ့ကြတာပေါ့ဗျာ။ စစ်တပ်ဆိုတာက တကယ်တမ်း ထိထိရောက်ရောက် တလျှောက်လုံးလည်း လုပ်ပေးနိုင်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီတော့ အဲဒီအခြေအနေကိုလည်းနားလည်ဖို့လိုပါတယ်”လို့ ပြောပါတယ်။
လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့် မပြုပေမဲ့ နိုင်ငံခြားရေး အတွင်းဝန် ဦးအောင်ကျော်မိုးနဲ့အဖွဲ့ကို တက်ရောက်ခွင့် ပေးထားပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို မဖိတ်ကြားဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပြုဖို့ တော်လှန်ရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့ ပေါင်း ၃၃၀ ကျော်က အာဆီယံအတွင်းရေးမှူးချုပ်ဆီကို ဇူလိုင် ၁၇ ရက်က စာပေးပို့ တောင်းဆိုခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ပါဘူး။
သုတချမ်းသာ