(အောက်ပါစာတမ်းသည် သြစတြေးလျနိုင်ငံအခြေစိုက် Lowy Institute မှ ထုတ်ဝေသည့် “Outrage is not a Policy: Coming to terms with Myanmar’s Fragmented State” ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ “ဒေါသူပုန်ထခြင်းသည် မူဝါဒတခု မဟုတ်ပါ- တစစီကွဲနေသော မြန်မာနိုင်ငံကို နားလည်လက်ခံခြင်း” ဟု စာတမ်းခေါင်းစဉ်ကို ဘာသာပြန်ရပါလိမ့်မည်။ စာတမ်းရှင်မှာ Australian Defence Force Academy ၏ အကြီးတန်းကထိက မော်တန်ပက်ဒါဆင် (Morten B. Pedersen) ဖြစ်ပါသည်။ မော်တန်ပက်ဒါဆင်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ နှစ်ပေါင်း ၂၀ ကျော် လေ့လာခဲ့သူဖြစ်ပြီး သြစတြေးလျအစိုးရ၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့တို့အတွက် အကြံပေးအဖြစ် အလုပ်လုပ်ခဲ့သည်။)
အရေးပါတဲ့သော့ချက်များ
စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ ဗဟိုနယ်မြေတွေကို ထိန်းချုပ်ထားသရွေ့ သူရှင်သန်ရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်နေဦးမှာဖြစ်ပါတယ်။ နောက်ပြီး မြန်မာ့အရေးနဲ့ပတ်သက်ရင် ပြင်ပနိုင်ငံတွေက ဘယ်လိုပါဝင်ပတ်သက်ရမလဲ ဆိုတဲ့အပေါ်မှာလည်း အရေးပါနေဦးမှာပါ။ မြန်မာစစ်တပ်အကြောင်း ကောင်းကောင်း လေ့လာထားတဲ့ နိုင်ငံတကာပညာရှင်တဦးဖြစ်သူ အင်ဒရူးဆက် (Andrew Seth) ရဲ့ အမြင်အတိုင်း ပြောရရင် “မြန်မာစစ်တပ်အနေနဲ့ အာဏာတည်မြဲဖို့အတွက် စစ်နိုင်အောင်တိုက်ဖို့ မလိုပါ။ စစ်မရှုံးအောင်လုပ်ဖို့သာ လိုပါတယ်။”
NUG ရဲ့ အနေအထားကတော့ စစ်ကောင်စီနဲ့ ဆန့်ကျင်ဘက်ပါ။ နိုင်ငံအတွင်းမှာ သူ့အတွက် လုံခြုံတဲ့ လွတ်မြောက်နယ်မြေတခု မရှိသေးပါဘူး။ ဒီအချက်ဟာ NUGရဲ့ အကြီးအကျယ် အားနည်းချက်ဖြစ်နေပါတယ်။ လွတ်မြောက်နယ်မြေမရှိတဲ့အတွက် အမျိုးသားရေးမဟာဗျူဟာနဲ့ ကွပ်ကဲမှု ကောင်းကောင်းရှိတဲ့ အခုထက်သွေးစည်းခိုင်မာတဲ့ တော်လှန်ရေးတပ်ဖွဲ့ကြီးတခုကို တည်ထောင်နိုင်ဖို့ခက်ခဲနေပါတယ်။ ဒီလိုပဲအုပ်ချုပ်ရေးဆိုင်ရာတရားဝင်မှုကို တည်ဆောက်ဖို့လည်း ခက်ခဲနေပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံတကာ အစိုးရတွေရဲ့ ထောက်ခံမှု ဒါတွေကို ထိန်းထားနိုင်ဖို့အတွက်လည်း ခက်ခဲနေပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ နှစ်ဘက်လုံးမှာ အကန့်အသတ်တွေကို အချိန်တို အတွင်းကျော်လွှားနိုင်မယ့် အခြေအနေမရှိပါဘူး။ စစ်ပွဲပြီးသွားအောင် အဆုံးအဖြတ်ပေးမယ့်သူက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေပဲ ဖြစ်နိုင်ပါတယ်။ အင်အားကောင်းတဲ့ မြောက်ပိုင်းအဖွဲ့တွေက အရေးပါတဲ့ အခန်းကဏ္ဍကို ကိုင်ထားမှာပါ။ ဒီအဖွဲ့ကြီးတွေကပဲ တရုတ်ကို ကြီးမားတဲ့ အခန်းကဏ္ဍတခု ပေးအပ်မှာပါ။ တရုတ်အစိုးရက ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မပူးပေါင်းစေချင်ဘူးဆိုတာ ထင်ထင် ရှားရှားပြသပြီးပါပြီ။ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမဲ့အစား စစ်ကောင်စီနဲ့ အပစ် အခတ်ရပ်စဲရေးတာကို သဘောတူဖို့ပဲ လိုလားကြောင်း ပြသပြီးပါပြီ။ ဒါက တရုတ်မြန်မာ နယ်စပ်နားမှာ တိုက်ပွဲတွေကို လျှော့ချဖို့ ဖြစ်ပါတယ်။ တရုတ်ရဲ့ မဟာဗျူဟာနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်ပါတယ်။
အသစ်ပေါ်ထွန်းလာတဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ
မြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုအများစုဟာ ပြည်တွင်းစစ် အခြေအနေ အပေါ်မှာ အဓိကရှိနေပေမဲ့ အုပ်ချုပ်ရေးပိုင်းမှာလည်း အနေအထားသစ်တွေ ဖြစ်ထွန်းလာနေပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့သစ်တွေရော အဖွဲ့ဟောင်းတွေပါ ကျဆုံးနေတဲ့ စစ်အစိုးရရဲ့နေရာကို အစားထိုးဖို့ လုပ်လာကြလို့ပါပဲ။
စစ်အစိုးရက နောက်ဆုတ်သွားတဲ့အခါ တော်လှန်ရေးအဖွဲ့သစ်တွေက စင်ပြိုင်အုပ်ချုပ်ရေးကို လွတ်မြောက်နယ်မြေများအတွင်းမှာ စတင်ထူထောင်ပြီး ပြည်သူ့ဝန်ဆောင် လုပ်ငန်းတွေကို လုပ်လာကြပါတယ်။ ၁၉၆၀ ပြည့်နှစ်များကစပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လုပ်လာခဲ့တဲ့ပုံစံမျိုးနဲ့ ဆင်တူပါတယ်။ ဒီလိုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒေသခံ ပြည်သူလူထုကို အကာအကွယ်ပေးရုံ တင်မကတော့ဘဲ သန်းနဲ့ချီတဲ့ ပြည်သူတွေကို အုပ်ချုပ်ရတဲ့ အလုပ်ကိုပါ လုပ်လာကြပါတယ်။ ဒါကို သူပုန်အုပ်ချုပ်ရေး ချဲ့ထွင်မှုလို့ ပြည်တွင်းစစ်လေ့လာတဲ့ ပညာရှင်တွေက ခေါ်လေ့ရှိတယ်။ မြို့သိမ်း နယ်သိမ်း တိုက်ပွဲတွေကို ဆင်နွှဲတဲ့နည်းနဲ့ ဒီလို အုပ်ချုပ်ရေးချဲ့ထွင်မှုကို ရနိုင်ပါတယ်။ ဒါဟာ တော်လှန်ရေး အဓွန့်ရှည်အောင်လုပ်ဖို့ရော၊ ဒေသခံလူထုကို ကာကွယ် စောင့်ရှောက်ဖို့ရော၊ အနာဂတ်အတွက် ပြင်ဆင်ဖို့ရော အလွန်အရေးပါတဲ့လုပ်ငန်း ဖြစ်ပါတယ်။
အသစ်ပေါ်ထွန်းလာတဲ့ ဒေသန္တရအုပ်ချုပ်ရေးအခင်းအကျင်းတွေက တနေရာနဲ့ တနေရာ ပုံစံတော်တော်ကွဲပြားပါတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေ စုပြုံရှုပ်ထွေးနေပြီး တနေရာ တဒေသတည်းမှာ အပြိုင်အဆိုင် အုပ်ချုပ်နေကြတယ်။ ဒေသအဆင့်၊ မြို့နယ်အဆင့်၊ ကျေးရွာအဆင့် စသဖြင့် ပြိုင်ဆိုင်နေကြတာတွေ ရှိတယ်။ ဒီလိုအနေအထားနဲ့ပတ်သက်ပြီး ထောက်ပြနိုင်ဖို့ဆိုရင် အရေးပါတဲ့ အစုအဖွဲ့ပုံစံနှစ်ခုကို မီးမောင်းထိုးပြတာနဲ့ လုံလောက်ပါတယ်။ နိုင်ငံရေးအရ သြဇာအာဏာရှိတဲ့ အစုနဲ့ဒေသန္တရအဖွဲ့အစည်းဆိုတဲ့ အစု နှစ်ခုဖြစ်ပါတယ်။
နိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းများ
မြန်မာနိုင်ငံရဲ့ “နိုင်ငံရေး အာဏာပိုင်” အသစ်တွေက အရေးပါတဲ့ နယ်မြေတွေနဲ့ ပြည်သူ လူထုကို စီရင်အုပ်ချုပ်နေပြီလို့ ဆိုပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အပြိုင်အဖွဲ့အစည်းတွေကို ထူထောင်ကြပါတယ်။ ဥပဒေနှင့် မူဝါဒအသစ်များကို ပြဋ္ဌာန်းကြပါတယ်။ သူတို့လက်ထဲ ရောက်လာတဲ့ အဓိကနယ်မြေတွေမှာ ဗဟိုချုပ်ကိုင်မှုရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်တွေကို ထူထောင်ဖို့ ကြိုးပမ်းနေကြပါတယ်။ နယ်မြေအများစုမှာတော့ ဒီအုပ်ချုပ်ရေးအသစ်တွေဟာ အခြေစတည်ကာစသာ ရှိနေသေးပေမဲ့ နိုင်ငံငယ်လေးတွေ (Min-states) ဒါမှမဟုတ် ပြည်ထောင်စုနယ်လေးတွေ (Federal Units) ထူထောင်ဖို့ ကြိုးပမ်းနေကြတယ်။ အနည်းဆုံးတော့ အဲဒီလိုထူထောင်ဖို့ဆန္ဒရှိနေကြတယ်။
နိုင်ငံတကာက သိနေတဲ့ နိုင်ငံရေးအာဏာပိုင်အစုတွေထဲမှာ အထင်ရှားဆုံးကတော့ စင်ပြိုင် အစိုးရလို့ သူတို့ ခေါ်တတ်တဲ့ NUG အဖွဲ့ ဖြစ်ပါတယ်။ စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ် ပြုတဲ့ တရားဝင်မှုမျိုးမရအောင် လုပ်ရာမှာ NUG အဖွဲ့က အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ နောက်ပြီး အမျိုးသားရေးမူဝါဒဆိုင်ရာ မူဘောင်တွေကို ချမှတ်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတွေကို လှမ်းထားပြီးပါပြီ။ ပညာရေးနဲ့ တခြားအစီအစဉ်တွေကို ထောက်ပံ့ပေးနေပါတယ်။ တကယ့်မြေပြင်မှာတော့ NUG ရဲ့ အာဏာက အကန့်အသတ်ရှိနေပါသေးတယ်။ သူ့အာဏာကို ပြိုင်ဆိုင်နေတာတွေ ရှိနေပါတယ်။ ဒီဗဟိုချက်နယ်မြေဒေသတလျှောက်မှာ NUG ဟာ အတော်စနစ်ကျတဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်တခုကို တည်ထောင်နေပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးနယ်ပယ်တွေမှာ နိုင်ငံတနိုင်ငံ အစိုးရတဖွဲ့လို ဆောင်ရွက်ထားတာက အဆင့်အမြင့်ဆုံးပါ။ တရားစီရင်ရေးစနစ် အခြေခံတွေ ဖော်ဆောင်နိုင်ရေးအတွက်ကတော့ ကြိုးစားနေတုန်းပါပဲ။
ကရင်၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ အဓိကအပြိုင်နိုင်ငံရေးအာဏာပိုင်တွေက ပြည်နယ်ရဲ့ အဓိကကျတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)တွေရဲ့ နိုင်ငံရေးအဖွဲ့တွေ ဖြစ်ကြပါတယ်။ ဥပမာပြရရင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နဲ့ အာရက္ခတပ်တော် (AA) တို့ ဖြစ်ကြပါတယ်။ ရှမ်းပြည်နယ်မှာလည်း အလားတူပင် ဖြစ်ပါတယ်။ EAO အများအပြားက သူတို့နယ်မြေကို အုပ်ချုပ်နေကြပါတယ်။ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့ ပါဝင်ပါတယ်။
EAO အများအပြားဟာ သူတို့ နယ်မြေဒေသတွေကို ဆယ်စုနှစ်များစွာ အုပ်ချုပ်လာခဲ့ကြပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာမှ သူတို့ရဲ့ လှုပ်ရှားမှုတွေကို တိုးချဲ့လာနိုင်ခဲ့တာပါ။ စစ်ကောင်စီရဲ့ အာဏာစက် ကျဉ်းမြောင်းလာတာကြောင့် ဒါမှမဟုတ် စစ်ကောင်စီ အာဏာစက်က လွတ်မြောက်အောင် ဒေသခံပြည်သူလူထုက ရှောင်တိမ်းလာကြတာကြောင့် လှုပ်ရှားမှုတွေကို တိုးချဲ့လာနိုင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေရဲ့ အုပ်ချုပ်ရေး စနစ်က NUG အာဏာအောက်က စနစ်ထက် ပိုမိုဖွံ့ဖြိုးပါတယ်။ အထူးပြုဌာနတွေ တဒါဇင်လောက်အထိရှိပြီး ကျေးရွာအဆင့်အထိ ဗဟိုချုပ်ကိုင်မှု အဆင့်ဆင့်ရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ ယေဘုယျအားဖြင့် EAO တွေရဲ့ အခွန်ကောက်ခံမှုစနစ်က ပိုကောင်းပြီး ပိုကျယ်ပြန့်တဲ့အတွက် ဝင်ငွေမှန်ပါတယ်။
ကယားနဲ့ ချင်းပြည်နယ်တွေမှာ ဒေသခံ လက်နက်ကိုင်တွေနဲ့ အရပ်သားတော်လှန်ရေး အင်အားစုတွေ အဖွဲ့များစွာ ပူးပေါင်းပြီး ဒေသန္တရအုပ်ချုပ်ရေးကောင်စီတွေ ဖွဲ့ကြတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ ချင်းပြည်ကောင်စီ (Chinland Council) တို့ဖြစ်ပါတယ်။ ကြားဖြတ် ပြည်နယ်အစိုးရတွေအဖြစ် ဆောင်ရွက်ဖို့ ရည်ရွယ်တာ ထင်ရှားပါတယ်။ ဒီကောင်စီတွေက သူတို့ရဲ့ ပြည်နယ်အသီးသီးမှာ အကျိုးစီးပွားတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုထားနေတယ်။ တခြားပြည်နယ်တွေက EAO ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေထက် NUG နဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ NUG လိုပဲ သူတို့ရဲ့ အုပ်ချုပ်ရေးဖွဲ့စည်းပုံတွေက တကယ့်လက်တွေ့ဖြစ်နိုင်သေးတဲ့ပုံစံမျိုး မဟုတ်သေးပါဘူး။ မျှော်မှန်းချက်နဲ့ လုပ်ထားတဲ့ပုံစံမျိုးပဲ ဖြစ်နေပါသေးတယ်။ အားလုံးပါဝင်အောင် ဖွဲ့စည်းထားတဲ့ ပုံစံမျိုးဖြစ်နေတဲ့အတွက်တော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုရဲ့ ပြည်နယ်ပုံစံမျိုးကို ကိုယ်စားပြုနေပါတယ်။ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ ပြည်နယ်တခုလုံး နီးပါးရဲ့ ထောက်ခံမှုကို ရရှိထားပါတယ်။ ချင်းဒေသကောင်စီ (Chinland Council) ကတော့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (Chin National Consultative Council) နဲ့ ပြိုင်နေရပါတယ်။ အဲဒီအဖွဲ့ကသေးပေမဲ့ ချင်းပြည်နယ်တောင်ပိုင်းက အဓိကအုပ်စုတွေ ပါဝင်နေပါတယ်။
၂၀၂၃ မေလမှာ စစ်ကိုင်းတိုင်းဒေသကြီးက စစ်ကိုင်းဖိုရမ် တည်ထောင်ခြင်းဟာ ဗမာအများစု နေထိုင်ရာဒေသတွေမှာ ဒေသဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုမှုတွေ နိုးကြားလာတာကို ဖော်ပြနေပါတယ်။ အခုအချိန်အထိတော့ ဖိုရမ်အသစ်ရဲ့ လုပ်ဆောင်ချက်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လုပ်ဆောင်ချက်တွေကို အဓိက ဖြည့်စွက်ပံ့ပိုးနေတဲ့ပုံမျိုး ပေါ်နေပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေကို ပူးပေါင်းဆောင်ရွက်ပေးတာက အဓိကပါပဲ။ ဒါပေမဲ့ စစ်ကိုင်းဖိုရမ်ရဲ့ အဖွဲ့ဝင်တွေဟာ NUG ရဲ့ နိုင်ငံရေးပလက်ဖောင်းအခြေခံတွေကို လက်သင့်မခံ ငြင်းပယ်ကြပါတယ်။ ဒါကြောင့် ကရင်နီကောင်စီနဲ့ ချင်းကောင်စီတွေလို ကြားဖြတ်ဒေသန္တရအစိုးရလို ဖြစ်လာနိုင်တဲ့အနေ အထားမှာ ရှိနေပါတယ်။ ဒီလိုအနေအထားမျိုးက မကွေးတိုင်းမှာလည်း ထင်ထင်ရှားရှား ရှိနေတယ်။ စစ်ကိုင်းလောက်တော့ အင်အား မကောင်းသေးပါ။
နိုင်ငံရေး အာဏာပိုင်တွေများပြားနေတာဟာ ပြင်ပလူတွေအတွက် ရှုပ်ထွေးသလို ဖြစ်နေပေမဲ့ အာဏာသိမ်းမှုရဲ့ ဆိုးကျိုးထဲကပေါ်ထွက်လာတဲ့ မြန်မာနိုင်ငံအသစ်ရဲ့ ထူးခြားတဲ့ အမှတ် လက္ခဏာပဲ ဖြစ်ပါတယ်။ ဒါဟာ ရုပ်ဖျက်ထားတဲ့ ကောင်းချီးမင်္ဂလာတခုလည်း ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အနောက်တိုင်းသားတွေက NUG ကို ဗဟိုချုပ်ကိုင်မှုရှိတဲ့ ဒီမိုကရေစီအစိုးရပုံစံတခု ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ဗဟိုချုပ်ကိုင်မှုလွန်ကဲခြင်းကပဲ မြန်မာနိုင်ငံကို လွတ်လပ်ရေးရတဲ့အချိန်ကစပြီး ဒီနေ့အထိ ဒုက္ခပေးနေခဲ့တာ ဖြစ်ပါတယ်။ အရေးကြီးတာက တခြားနိုင်ငံရေးအင်အားစုတွေမှာ NUG ရဲ့ တရားဝင်မှုမျိုး မရှိပေမဲ့ ဒေသခံ ပြည်သူလူထုကို စောင့်ရှောက်ကာကွယ်ပေးတဲ့အတွက် ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရရှိနေတဲ့ အချက်ပါပဲ။ မြန်မာ့ရေးရာပညာရှင်တဦးဖြစ်တဲ့ အက်ရှလေဆောက်သ် (Ashley South) က အမည်ပေးထားသလို ထွန်းသစ်စဖက်ဒရယ်ပြည်ထောင်စုစနစ် ( Emergent Federalism ) ရဲ့ နမူနာပုံစံတွေ ဖြစ်နေပါတယ်။ အမျိုးသားရေးနဲ့ဖွဲ့စည်းပုံအခြေခံအရ စုစည်းမှုမျိုး မရှိဘဲ သူ့သဘာဝအတိုင်း အောက်ခြေကနေ ထွန်းသစ်လာတဲ့ ဖက်ဒရယ်စနစ်မျိုးပါ။
ရပ်ရွာဒေသအခြေပြု အဖွဲ့အစည်းများ
ဒီနိုင်ငံရေး အာဏာပိုင်တွေရဲ့ အောက်မှာ ရပ်တည်နေတဲ့ ဒါမှမဟုတ် သူ့ဘာသာသီးခြား လွတ်လွတ်လပ်လပ်ရပ်တည်နေတဲ့ ဒုတိယအဆင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ ရှိနေပါတယ်။ သူတို့ကလည်း တန်းတူညီမျှအရေးပါတဲ့အဖွဲ့အစည်းတွေပါပဲ။ ရပ်ကျေးအဆင့် အုပ်ချုပ်ရေး ကတော့ ရပ်ရွာဒေသအခြေပြုအဖွဲ့အစည်းတွေရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ချင်လည်းဖြစ်မယ်။ အရပ်ဘက်အဖွဲ့အစည်းတွေလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီအဖွဲ့အစည်းတွေက ဗဟိုရဲ့ ညွှန်ကြားမှုမပါဘဲ ဒါမှမဟုတ် ဗဟိုရဲ့ငွေကြေးထောက်ပံ့မှုမပါဘဲ လှုပ်ရှားနေကြတယ်။ ဒီလိုအဖွဲ့အစည်းတွေက ထောင်နဲ့ချီပြီး ရှိနေတယ်။
ကိုယ့်ဘာသာရပ်တည်နေတဲ့ အုပ်ချုပ်ရေးတွေဟာ အာဏာမသိမ်းခင်ကတည်းက နေရာ ဒေသအများအပြားမှာ ရှိနှင့်နေခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ပိုပြီးကျယ်ပြန့်လာ ပါတယ်။ ဗဟိုအုပ်ချုပ်ရေးက အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်လာသလို နိုင်ငံရေးအာဏာပိုင် အသစ်တွေကလည်း အင်အားနည်းနေသေးတဲ့အတွက်ပါပဲ။ စစ်ပွဲတွေကြောင့် ဝရုန်းသုန်းကား ဖြစ်နေတဲ့အခြေအနေအောက်မှာ ဒေသခံပြည်သူလူထုဟာ ကိုယ့်ဘာသာပဲ အုပ်ချုပ်ရေးတာဝန်ကို ယူလာရပါတော့တယ်။ ပဋိပက္ခနယ်မြေအတွင်း ထောက်ပံ့ကူညီတဲ့အလုပ်တွေအတွက် ရပ်ရွာ ဒေသအခြေပြုအဖွဲ့အစည်းတွေက အဓိကအခန်းကဏ္ဍမှာ ပါဝင်နေတာ အခုအချိန်မှာ လူသိ ထင်ရှားဖြစ်နေပါပြီ။ စစ်ဒဏ်သင့်တဲ့ မြန်မာပြည်အနှံ့အပြားမှာ ဒေသအဖွဲ့အစည်းတွေကပဲ ကိုယ့်ဘာသာ လမ်းဖောက်၊ ကိုယ့်ဘာသာ ကျောင်းဆောက်၊ ကိုယ့်ဘာသာ သူနာပြုတွေ ကျောင်းဆရာတွေကို ငှားရမ်းနေရပါတယ်။ ကျေးရွာအများအပြားမှာ ကိုယ့်ဘာသာ တရား စီရင်ရေးကို ဆောင်ရွက်နေကြရပါတယ်။ ဒါဟာ အခြေခံမြန်မာ့လူ့အဖွဲ့ အစည်းရဲ့ အင်အားရှိမှုနဲ့ အစိုးရရဲ့အားနည်းမှုကို ပြနေတဲ့ လက္ခဏာပါပဲ။ ကိုယ့်ဘာသာ အုပ်ချုပ်ရေးဟာ အစိုးရရဲ့ အုပ်ချုပ်ရေးကင်းမဲ့သွားတဲ့အချိန်မှာ ပြည်သူလူထုရဲ့ လူမှုဘဝ ကောင်းမွန်ရေးအတွက် အလွန်အရေးကြီးပါတယ်။ တည်ငြိမ်အေးချမ်းမှုပိုရှိလာတဲ့ အနာဂတ် ကာလမှာ တရားဝင် အုပ်ချုပ်ရေးမှာပဲဖြစ်ဖြစ် တရားမဝင်အုပ်ချုပ်ရေးမှာပဲ ဖြစ်ဖြစ် အရေးပါတဲ့အစိတ်အပိုင်းတခု ဖြစ်လာမှာပါ။
မြန်မာနိုင်ငံဟာ စစ်ပွဲအတွင်း နစ်မွန်းတဲ့ကာလ ရှည်ကြာလေလေ၊ ဒီလို ပဒေသာစုံ အုပ်ချုပ်ရေးစနစ်တွေက ပြည်သူလူထုသန်းပေါင်းများစွာရဲ့ လူမှုဘဝကောင်းမွန်ရေးအတွက် ပိုမိုအရေးပါလာမှာဖြစ်သလို ပိုပြီးခိုင်မာလာပါလိမ့်မယ်။ နိုင်ငံတည်ဆောက်ရေးအတွင်းမှာ အရေးကြီးတဲ့ မဏ္ဍိုင်အဖွဲ့အစည်းတွေ ဖြစ်လာပါလိမ့်မယ်။
(ဆက်ရန်)