(အောက်ပါစာတမ်းသည် သြစတြေးလျနိုင်ငံအခြေစိုက် Lowy Institute မှ ထုတ်ဝေသည့် “Outrage is not a Policy: Coming to terms with Myanmar’s Fragmented State” ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ “ဒေါသူပုန်ထခြင်းသည် မူဝါဒတခု မဟုတ်ပါ- တစစီကွဲနေသော မြန်မာနိုင်ငံကို နားလည်လက်ခံခြင်း” ဟု စာတမ်းခေါင်းစဉ်ကို ဘာသာပြန်ရပါလိမ့်မည်။ စာတမ်းရှင်မှာ Australian Defence Force Academy ၏ အကြီးတန်းကထိက မော်တန်ပက်ဒါဆင် (Morten B. Pedersen) ဖြစ်ပါသည်။ မော်တန်ပက်ဒါဆင်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ နှစ်ပေါင်း ၂၀ ကျော် လေ့လာခဲ့သူဖြစ်ပြီး သြစတြေးလျအစိုးရ၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့တို့အတွက် အကြံပေးအဖြစ် အလုပ်လုပ်ခဲ့သည်။)
အနာဂတ်စစ်ပွဲအနေအထားများ
မကြာခင်လများအတွင်းက လက်နက်ကိုင်တော်လှန်မှုဟာ အရှိန်အဟုန် မြင့်တက်လာတာကြောင့် စစ်ကောင်စီကို အနိုင်ယူနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်က ပိုခိုင်မာလာပါတယ်။ ဒါပေမဲ့ နေပြည်တော် ကျတော့မယ်ဆိုတဲ့ မီဒီယာသတင်းခေါင်းစီးတွေကတော့ တကယ့်အရှိတရားကို ကျော်လွန်နေပါတယ်။ တော်လှန်ရေးဘက်က အောင်ပွဲခံနိုင်ပေမဲ့ ဒါက သေချာပေါက် အာမခံနိုင်တဲ့ အနေအထား မဟုတ်သေးပါဘူး။ ထင်ရှားတာကတော့ အာဏာသိမ်းမှုဟာ ရှုံးနိမ့်နေပြီ။ အာဏာသိမ်းတဲ့သူတွေ ရည်မှန်းထားသလိုမျိုး၊ စစ်တပ် ထောက်ခံသူတွေ မျှော်လင့်ထားသလိုမျိုး၊ စစ်ဗိုလ်ချုပ်တွေက နောက်ပြန်ဆုတ်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို အသက်ပြန်မသွင်းနိုင်တော့ပါဘူး။ ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရအဖြစ်နဲ့ နိုင်ငံရဲ့ အစိတ်အပိုင်းတွေကို ဆက်လက်အပိုင်စီးထားဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသများကိုတော့ အကြီးအကျယ် လက်လွှတ်ရပါလိမ့်မယ်။ (၂၀၁၀ ပြည့်နှစ်များထက် ၁၉၆၀ ပြည့်နှစ်များက အနေအထားနဲ့ ပိုတူပါမယ်)။ ဗဟိုဒေသမှာပင် တရားဝင်မှုမရှိတာ၊ နိုင်ငံရေး မတည်ငြိမ်တာ၊ စီးပွားရေး ချွတ်ခြုံကျတာတွေကို ရင်ဆိုင်ရတဲ့အတွက် အုပ်ချုပ်နိုင်ဖို့ ဆက်လက်ရုန်းကန်ရပါလိမ့်မယ်။
စစ်ကောင်စီ အောင်ပွဲခံနိုင်မှာကို ထည့်သွင်းစဉ်းစားစရာ မလိုတော့ဘူးဆိုရင် လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်း ပြည်တွင်းစစ်ရဲ့ လားရာအတွက် ဖြစ်လာနိုင်တဲ့ အကျိုးဆက်က အနည်းဆုံး ၃ ခုရှိပါမယ်။ အဲဒီထဲက အကျိုးဆက်တခုကပဲ ပြည်တွင်းစစ်ကို အဆုံးသတ်ပေးပါလိမ့်မယ်။
စစ်ပွဲရဲ့ ဖြစ်နိုင်ခြေအကျိုးဆက် (၁) - စစ်ကောင်စီ ပြိုလဲခြင်း
၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက စစ်တပ်ဟာ အကြီးအကျယ် အရေးနိမ့်ခဲ့ပါတယ်။ ဘဏ္ဍာရေးအကျပ်အတည်းကလည်း ပိုပြီး ဆိုးရွားလာခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ယန္တရား ရပ်တန့်သွားနိုင်တဲ့ အလားအလာက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ စစ်တပ်ရဲ့ အဓိကကျတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေက အလုံးအရင်းနဲ့ ဘက်ပြောင်းသွားတာကြောင့် စစ်တပ်ဟာ ထိန်းမနိုင်သိမ်းမရ ဝုန်းခနဲ ပြိုကွဲသွားပြီး စစ်ခေါင်းဆောင်ပိုင်းက ညှိနှိုင်း အညံ့ခံတဲ့ ပုံစံမျိုးနဲ့ အဆုံးသတ်သွားတာလည်း ဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ် စစ်တပ်ထဲမှာ စစ်သားတွေ အကျအဆုံး များတာကြောင့် တဖြည်းဖြည်း ချည့်နဲ့ပြိုလဲသွားတဲ့ ပုံစံမျိုးနဲ့ အဆုံးသတ်တာလည်း ဖြစ်လာနိုင်ပါတယ်။
ဒီပုံစံတခုခုနဲ့ စစ်ကောင်စီ ပြိုကျသွားမယ်ဆိုရင် တိုင်းပြည်မပျက်စီးဘဲ တော်လှန်ရေး အပြောင်းအလဲ ဖြစ်ပေါ်လာစေနိုင်တဲ့အတွက် (မြန်မြန်ဖြစ်လေ ပိုကောင်းလေ) အကောင်းဆုံး ဖြစ်နိုင်ခြေလို့ ဆိုနိုင်ပါတယ်။
စစ်ကောင်စီ တည်ငြိမ်မှုမရှိတဲ့ လက္ခဏာတွေကို နေရာတကာ တွေ့မြင်လာရပါတယ်။ မကြာခင်က တော်လှန်ရေးတပ်ဖွဲ့များရဲ့ ထိုးစစ်တွေကြောင့် တပ်ရင်းတရင်းလုံး လက်နက်ချ အညံ့ခံလိုက်ရတဲ့ အဖြစ်ဟာ စစ်ဗိုလ်ချုပ်တွေအတွက် သိက္ခာကျစရာအပြင် မကြုံစဖူး အခြေအနေတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အရင်က စစ်တပ်ဘက်မှာ ရပ်တည်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ တော်လှန်ရေးအဖွဲ့တွေဆီ ဘက်ပြောင်းလာကြသလို အပိုင်းပိုင်းကွဲနေတဲ့ အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေထဲက တချို့ကလည်း တော်လှန်စစ်အတွင်းမှာ ပါဝင်လာကြပါတယ်။
စိတ်ပျက်စရာ အခြေအနေအားလုံးအတွက် တာဝန်ရှိသူလို့ စစ်တပ်အသိုင်းအဝိုင်းက ရှုမြင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။ နေပြည်တော်မှာ အပြောင်းအလဲကြီးတွေ ဖြစ်လာတော့မယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။ ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့ ဘယ်သူမှ ရေရေရာရာ မသိကြပါ။
စစ်ပွဲတွေ စဖြစ်လာကတည်းက စစ်ပွဲအခြေအနေကို အနီးကပ်စောင့်ကြည့်လေ့လာနေခဲ့သူ မက်သယူးအာနိုး (Matthew Arnold) က “စစ်ကောင်စီ ရှုံးမှာပါ - အချိန်ဘယ်လောက်ကြာမလဲ ဆိုတာကိုပဲ ကြည့်ရမှာ” လို့ သုံးသပ်ထားပါတယ်။ ၂၀၂၃ ခုနှစ် နှောင်းပိုင်းကာလက စပြီး တော်လှန်ရေးအင်အားစုတွေ အောင်ပွဲဆက်တိုက်ရရှိမယ်ဆိုတာကို ပထမဆုံး ခန့်မှန်းခဲ့သူ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ပိုင်းက ဒီသုံးသပ်ချက်ကို လက်ခံသလား၊ လက်မခံဘူးလား ဆိုတာက မေးခွန်းထုတ်စရာ ရှိပါတယ်။ နှုန်းသေ သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲနှုန်းစနစ်ကို စွန့်လွှတ်တဲ့ ဆုံးဖြတ်ချက်ကစပြီး စစ်မှုထမ်းဥပဒေကို အသက်သွင်းတဲ့အထိ စစ်ကောင်စီရဲ့ လုပ်ရပ်အားလုံးဟာ ရေရှည်မဟာဗျူဟာနဲ့ လုပ်တာမျိုးမဟုတ်ဘဲ နောက်တလစာကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားတဲ့ လုပ်ရပ်မျိုးသာ ဖြစ်နေပါတယ်။ ဒါပေမဲ့ နေပြည်တော်မှာတော့ ထိတ်လန့်တကြားဖြစ်နေတဲ့ လက္ခဏာမျိုးကို မတွေ့ရသေးပါ။
လွန်ခဲ့တဲ့ ၇၅ နှစ်တာကာလအတွင်းက စစ်ဗိုလ်ချုပ်တွေ တည်ဆောက်ခဲ့သမျှ အရာအားလုံးနဲ့ ဗိုလ်ချုပ်တဦးချင်း ပိုင်ဆိုင်ထားတဲ့ စီးပွားရေးအင်ပါယာတွေ အားလုံးကို အမြစ်ပြုတ် သုတ်သင်ပစ်ဖို့၊ နောက်ပြီး ပန်းကန်ပြားပေါ် တင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ဦးခေါင်းပြတ်များကို ရရှိဖို့ ဆန္ဒရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ အညံ့ခံရေးကို မြင်ယောင်ဖို့ မလွယ်ပါဘူး။ မင်းအောင်လှိုင်က အနားယူသွားရင်ဖြစ်ဖြစ်၊ မကျေနပ်တဲ့ စစ်အရာရှိတွေက အတင်းဖယ်ရှားပစ်ရင် ဖြစ်ဖြစ် (ဖြစ်ဖို့နည်းပါတယ်) သူ့နေရာမှာ တခြားစစ်ဗိုလ်ချုပ် တယောက်က အစားဝင်မှာပါပဲ။ အခုအချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူကြိုက်နည်းနေပေမဲ့ စစ်အစိုးရကို ထောက်ခံသူတွေ ဝေဖန်တာက တော်လှန်ရေးတပ်ဖွဲ့တွေကို နိုင်အောင်မတိုက်နိုင်တဲ့ ကိစ္စအပေါ်မှာသာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ဝေဖန်နေတာ မဟုတ်ပါဘူး။ အရှုံးပေးလိုတဲ့ဆန္ဒ မရှိတဲ့အပေါ် ဝေဖန်နေတာလည်း မဟုတ်ပါဘူး။
တကယ်လို့ စစ်ဗိုလ်ချုပ်တွေက အညံ့ခံရေးကို ညှိနှိုင်းပြောဆိုချင်ဦးတောင်မှ တော်လှန်ရေး အင်အားစုတွေဘက်မှာ အဖွဲ့ပေါင်းစုံကို ကိုယ်စားပြုပြီး ပြောနိုင်တဲ့ စုပေါင်းခေါင်းဆောင်မှု အဖွဲ့က မရှိသေးပါဘူး။
စစ်ခေါင်းဆောင်တွေအတွင်းမှာ ကွဲလွဲပြီး တဖြည်းဖြည်း ပြိုကျသွားတာမျိုးက ပိုဖြစ်နိုင်ပါတယ်။ စစ်သားတွေကြားမှာလည်း စစ်ခေါင်းဆောင်တွေအပေါ် ယုံကြည်မှုက လျော့ပါးနေကြပါပြီ။ နစ်မြုပ်နေတဲ့သင်္ဘောကို စွန့်ခွာရုံကလွဲပြီး တခြားရွေးစရာမရှိသလိုမျိုး တိုက်ခိုက်ရေး တပ်ဖွဲ့တွေကလည်း စစ်ခေါင်းဆောင်တွေကို ကျောခိုင်းပြီး တပ်က ထွက်ပြေးကြဖို့သာ ရှိတော့တဲ့အတွက် တော်လှန်ရေးဘက်က အောင်ပွဲတွေ ဆက်တိုက် ရရှိနေပါတယ်။ စစ်ကောင်စီတပ်တွေ တခုပြီးတခု ဆက်စပ်ပြိုပျက်သွားဖို့အတွက်က ဗဟိုချက်ဒေသမှာ အကြီးအကျယ် ရှုံးနိမ့်သွားမှသာ ဖြစ်လာမှာပါ။ ဗိုလ်ချုပ်ကြီးတွေလိုပဲ အောက်ခြေက အရာရှိတွေ အကြပ်တပ်သားတွေဟာလည်း စစ်တပ် ပြိုသွားတဲ့နောက်မှာ ဆက်လက်အသက်ရှင်ဖို့ ဖြစ်နိုင်ပါဦးမလားဆိုတာ စဉ်းစားကြရမှာပါ။ ကိုယ့်ရပ် ကိုယ့်ရွာမှာက ကိုယ့်ကို မုန်းတီးသူတွေချည်း ဖြစ်နေသလို ကိုယ့်အိမ်နီးချင်းတွေကလည်း ကိုယ့်ကို အကျဉ်းရုံးပြီး တရားစီရင်ကောင်း စီရင်မှာကြောင့် ဇာတိမြေကို ပြန်ဖို့လည်း စိတ်ကူးတော့မှာ မဟုတ်ပါဘူး။
စစ်ဗိုလ်ချုပ်တွေရဲ့ အတွင်းပိုင်းမှာ ပြိုကွဲဖို့က ခန့်မှန်းရခက်ပါတယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အချက်တွေပေါ်မှာ အမှီပြုနေသလို စိတ်ဓာတ်ပိုင်းဆိုင်ရာ အချက်တွေပေါ်မှာလည်း မူတည်နေလို့ပါပဲ။ သူတို့ချင်းကွဲပြီး ပြိုကျသွားလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်က စိတ်ကူးယဉ် ဆန်လွန်းနေပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပြီး လိုချင်စရာလည်း ကောင်းပေမဲ့ အဲဒီလိုပြိုကွဲမှုမျိုးက ထင်သလောက် မလွယ်ပါဘူး။
စစ်ပွဲရဲ့ ဖြစ်နိုင်ခြေအကျိုးဆက် (၂) - တော်လှန်ရေးတပ်ဖွဲ့များက နေပြည်တော်သို့ စစ်ချီခြင်း
စစ်ကောင်စီ မပြိုဘူးဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေက စစ်မြေပြင်မှာ စစ်တပ်ကို အနိုင်ယူပြီး မြန်မာပြည်အလယ်ပိုင်းက နေပြည်တော်နဲ့ တခြားမြို့တွေကို သိမ်းပိုက်နိုင်ဖို့ မဖြစ်မနေ ကြိုးစားရပါမယ်။ ဒီလိုသိမ်းပိုက်ဖို့အတွက် အဆင့်ဆင့်လုပ်ရပါလိမ့်မယ်။ အစပိုင်းမှာ သယ်ယူပို့ဆောင်ရေးလမ်းတွေကို ဖြတ်တောက်ပြီး အချက်အချာကျတဲ့ မြို့တွေကို သိမ်းရပါမယ်။ နောက်ဆုံးမှာ လူနေထူထပ်တဲ့ ဒေသအတွင်း ထိုးစစ်ကြီးတွေ ဆင်နွှဲရပါမယ်။
တော်လှန်ရေးမှာ ပါဝင်သူ အများအပြားဟာ ပြီးခဲ့တဲ့ သုံးနှစ်တာကာလရဲ့ အရှိန်အဟုန်နဲ့ နေပြည်တော်အထိ တိုက်ခိုက်နိုင်မယ်လို့ စိတ်ကူးမျှော်လင့်နေကြမှာပါ။ ညီနောင်မဟာမိတ် တပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို အနိုင်တိုက်ပြီး ရယူခဲ့တဲ့ လက်နက်ခဲယမ်း အမြောက်အမြားဟာ နိုင်ငံအနှံ့က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့လက်ထဲ ရောက်လာပါလိမ့်မယ်။ ဒါကြောင့် ပဋိပက္ခနယ်မြေသစ်များအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အင်အားအသာစီး ရလာမှာပါ။ တော်လှန်ရေးတပ်ဖွဲ့တွေက အဓိကလေတပ်စခန်းတွေ၊ လက်နက်ကြီးစခန်းတွေကို သိမ်းယူနိုင်မယ်ဆိုရင် မြို့ကြီးတွေကို ထိုးစစ်ဆင်ဖို့ ဖြစ်လာနိုင်ပါမယ်။
စစ်ကောင်စီအဖွဲ့က စုစည်းခိုင်မာနေဦးမယ် ဆိုရင်တော့ နေပြည်တော်ရှိရာ အလယ်ပိုင်းက မြို့ကြီးတွေကို သိမ်းယူနိုင်ဖို့ ဝေးဦးမှာဖြစ်သလို ထိုးစစ်ဆင်ရင်လည်း အလွန်အန္တရာယ်ကြီးပါမယ်။ အလယ်ဗဟိုကို အနိုင်တိုက်ယူရေးက ဒေသက မြို့ကြီးတွေကို တိုက်တာနဲ့ အလွန်ကွာခြားပါတယ်။ အဓိကအကြောင်းရင်းက သုံးခုရှိပါတယ်။
ပထမအချက်က ပထဝီအနေအထား ဖြစ်တယ်။ မြို့တော်နဲ့ အချက်အချာမြို့ကြီးတွေ တည်ရှိတဲ့ ဧရာဝတီမြစ်ဝှမ်းဒေသဟာ အကာအကွယ်မရှိတဲ့ မြေပြန့်လွင်ပြင် ဖြစ်တယ်။ ရန်သူကို ချောင်းမြောင်းတိုက်ခိုက်ဖို့ မဖြစ်နိုင်သလို လေကြောင်းတိုက်ခိုက်မှု မခံရအောင် ပုန်းအောင်းနိုင်ခြင်း မရှိတဲ့နေရာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ကောင်းကောင်း ပြင်ဆင်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကို အပြည့်အဝ အသုံးချနိုင်ပါလိမ့်မယ်။
ဒုတိယအချက်က ဗဟိုချက်ဒေသမှာ စစ်အင်အားက အပြတ်အသတ်ကွာနေခြင်း ဖြစ်တယ်။ စစ်ကောင်စီတပ်ရဲ့ အားအကောင်းဆုံး ကာကွယ်ရေးစနစ်တွေ၊ အကြီးဆုံးစစ်စခန်းတွေ၊ အကောင်းဆုံး စစ်သားတွေ၊ လက်နက်စက်ရုံတွေနဲ့ လေယာဉ်ကွင်းတွေ ရှိနေတဲ့နေရာ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ပြီဆိုတာနဲ့ စစ်ကောင်စီဘက်က တိုက်ရည်ခိုက်ရည် အကောင်းဆုံးဆိုတဲ့ သစ္စာခံတပ်တွေကို ထုတ်သုံးပြီး အပြင်းအထန် ခုခံကာကွယ်ပါလိမ့်မယ်။ စစ်ကောင်စီဘက်မှာ အဓိကအားသာတာကတော့ ထောက်ပံ့ရေး လမ်းကြောင်းတွေက တိုတောင်းပြီး စစ်ကူပေးဖို့ လွယ်ပါမယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်မှာတော့ ထောက်ပံ့ရေးလမ်းကြောင်းတွေက ဝေးဝေးလံလံ ဆွဲဆန့်ထားရမှာဖြစ်ပြီး အန္တရာယ်များလှပါတယ်။
တတိယအချက်က စိတ်ဓာတ်ရေးရာ ဖြစ်ပါတယ်။ ဒါက အလွန်အရေးပါပါတယ်။ ဗဟိုချက်ဒေသဟာ စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ပါပဲ။ နောက်ဆုံးတိုက်ပွဲ ဖြစ်တဲ့အတွက် ရှိသမျှအင်အားကို ပုံအောအသုံးချပြီး ခုခံမယ်လို့ မျှော်လင့်ထားရပါမယ်။
နေပြည်တော်ပတ်ပတ်လည် ဒါမှမဟုတ် တခြားမြို့ကြီးတွေမှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ ခံတပ်တွေကို ဖြိုခွင်းနိုင်အောင် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အင်အားလုံလုံလောက်လောက် တည်ဆောက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါ။ ဒေသခံမြို့လေးတွေကို သိမ်းယူဖို့ တိုက်စစ်ဆင်ခဲ့တုန်းက ကြုံရသလိုပဲ စစ်ကောင်စီတပ်တွေက အညံ့မခံရင်ဖြစ်ဖြစ်၊ ပြေလည်အောင် မညှိနှိုင်းနိုင်ရင်ဖြစ်ဖြစ် အပျက်အစီး ကြီးမားတဲ့ တန်ပြန်ထိုးစစ်ဒဏ်ကို ခံရနိုင်ပါတယ်။ အဆိုးရွားဆုံး အကျိုးဆက်ကတော့ သန်းနဲ့ချီပြီး နေထိုင်တဲ့ အချက်အချာမြို့ကြီးတမြို့ကို ဓားစာခံလုပ်ပြီး ခုခံသွားတာမျိုး ဖြစ်နိုင်ပါတယ်။
လက်တွေ့အနေနဲ့ အနာဂတ်မှာ ဗဟိုချက်မ အလယ်ပိုင်းဒေသကို အောင်မြင်စွာ တိုက်ခိုက်နိုင်ရေးဟာ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အဓိကကျတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ (EAOs) အကြား နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်နေပါတယ်။ အခုအချိန်အထိ အောင်မြင်မှုတွေ ရှိနေပေမဲ့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ သမားရိုးကျ စစ်ဆင်ရေးတွေမှာ သူ့တဖွဲ့တည်းအနေနဲ့ စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ လိုအပ်တဲ့ ရုပ်ဝတ္ထုပိုင်းစွမ်းရည်တွေ မရှိသေးပါဘူး။ နောက်ဆုံးတော့ စစ်ရေးပြဿနာသာမက နိုင်ငံရေးပြဿနာပါ ဖြစ်လာပါတယ်။
အဓိကကျတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ နယ်မြေထိန်းချုပ်ရေးနဲ့ နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး ရည်မှန်းချက်နဲ့ အစဉ်အလာအရ တိုက်ပွဲဝင်ခဲ့ကြတာ တော်တော်ကြီး အောင်မြင်နေပါတယ်။ သူတို့လည်း စိန်ခေါ်မှုနှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ နယ်မြေအသစ်တွေကို ထိန်းချုပ်ပြီးတဲ့နောက် လူဦးရေပိုများတဲ့ ဒေသတွေကို အုပ်ချုပ်ဖို့က စိန်ခေါ်ချက်တခု။ ပိုင်နက်နယ်မြေ ထပ်နေတဲ့ အိမ်နီးချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေရဲ့ ရန်ကို ကာကွယ်ဖို့က စိန်ခေါ်ချက်နောက်တခု။
ဒီအနေအထားမှာ နိုင်ငံအလယ်ပိုင်း ဗဟိုချက်မကို သိမ်းဖို့ အသက်သွေးချွေးတွေကို စတေးချင်ရဲ့လား။ အားကောင်းတဲ့ ဗဟိုအစိုးရ တည်ထောင်ဖို့က သူတို့ရဲ့ အကျိုးစီးပွား ဟုတ်ရဲ့လား။ ဒီလို မေးခွန်းထုတ်စရာ ရှိပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုဟာ တော်လှန်ရေးကို ထောက်ခံကြောင်း ယေဘုယျ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ သူတို့ရဲ့ရည်မှန်းချက် အကျိုးစီးပွားတွေက NUG ရဲ့ ရည်မှန်းချက်တွေနဲ့ သိသိသာသာ ကွဲပြားနေပါတယ်။ နောက်ပြီး လူများစုဖြစ်တဲ့ ဗမာအုပ်စုတွေအပေါ် မယုံကြည်မှုကလည်း ရှေးရိုးစဉ်လာ ပြဿနာတရပ်အဖြစ် ရှိနေပါသေးတယ်။ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ဆိုရင် တရုတ်နိုင်ငံရဲ့ သဘောဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေပြန်တယ်။ သူတို့အပေါ် ရက်ရက်ရောရော ကူညီပံ့ပိုးနေတဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်မယ်ဆိုရင် ပြင်းထန်တဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမှာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုနေပါတယ်။
စစ်ပွဲရဲ့ ဖြစ်နိုင်ခြေအကျိုးဆက် (၃) - တစစီကွဲနေတဲ့ တိုင်းပြည်အတွင်း ပဋိပက္ခလေးများ ဆက်ဖြစ်ခြင်း။
တတိယဖြစ်နိုင်ခြေက လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေ အရှိန်လျော့သွားပြီး တော်လှန်ရေးအောင်ပွဲ မျှော်လင့်ချက်ကို မသေချာ မရေရာတဲ့ အနာဂတ်အချိန်တခုဆီ တွန်းပို့လိုက်ခြင်းပါပဲ။ ဒီအခြေအနေမှာ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားနဲ့ အပစ်အခတ်ရပ်စဲရေးကို သေချာပေါက် တွန်းအားဆက်ပေးသွားမှာ ဖြစ်ပေမဲ့ NUG/PDF ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တော့ ဆွေးနွေးမှာ မဟုတ်ပါဘူး။ (NUG/PDF အဖွဲ့တွေကလည်း စိတ်ဝင်စားမှာ မဟုတ်ပါ)။ အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားအစိုးရ အရေခြုံဖို့ “နိုင်ငံလုံးဆိုင်ရာ” ရွေးကောက်ပွဲမျိုး ကျင်းပနိုင်အောင် ဆက်လုပ်သွားပါမယ်။ ဘာပဲလုပ်လုပ် ပြဿနာကတော့ ပြေလည်မှာမဟုတ်ပါ။ ပဋိပက္ခနယ်သစ်တွေအတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါမယ်။ ဒါပေမဲ့ တိုက်ပွဲတွေက ပြင်းထန်တော့မှာ မဟုတ်သလို ရေရှည်စစ်လို ဖြစ်သွားပါမယ်။ ဗျူဟာမြောက်အောင်ပွဲမျိုး ရရှိတာ နည်းသွားပါမယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒီလိုအနေအထားမျိုး မဖြစ်လာအောင် အစွမ်းရှိသလောက် ကြိုးစားကြပါလိမ့်မယ်။ အဓိကကျတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAO) က နောက်ဆုတ်သွားပြီး လက်ရှိရထားတဲ့ အောင်မြင်မှုကို ခိုင်မာအောင်ပဲ လုပ်မယ်လို့ ဆုံးဖြတ်ရင်တော့ အဲဒီအနေအထားမျိုးက ဖြစ်လာနိုင်ပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ အပစ်အခတ် ရပ်စဲရေးကို သဘောတူညီထားပါတယ်။ အာရက္ခတပ်တော် (AA) ကလည်း ရခိုင်ပြည်နယ်ထဲက အကျိုးစီးပွားတွေကိုပဲ ပဓာနထားမယ် ဆိုရင်တော့ သမိုင်းမှတ်တမ်းမှာ ရှိခဲ့ဖူးသလိုမျိုး နောက်ဆုံးမှာ အပစ်ရပ်စဲရေးကို သဘောတူသွားနိုင်တယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က တရားဝင် အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ ဖြစ်နိုင်ခြေ နည်းပါးပေမဲ့လည်း စစ်တပ်ရဲ့တိုက်ခိုက်မှုတွေ မခံရသရွေ့ တိုက်ပွဲတွေကို လျှော့ချသွားနိုင်ပါတယ်။
အကျိုးဆက်က နယ်စပ်ဒေသအများစုမှာ အတော်အသင့် ငြိမ်းချမ်းရေး ရှိလာနိုင်တယ်။ (တချိန်မှာ စစ်ပွဲပြန်ဖြစ်လာနိုင်ခြေ ရှိပေမဲ့) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ပိုခိုင်မာအောင် လုပ်ဆောင်နိုင်ပြီး ပြည်သူ့ဝန်ဆောင်မှုတွေကို တိုးချဲ့ဆောင်ရွက်နိုင်တာကြောင့် ဒေသခံလူထုအတွက် အကျိုးများလာပါမယ်။ ဒါပေမဲ့ NUG အတွက်တော့ အလွန်ခက်ခဲတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။ ရဲမျိုးဟိန်း နဲ့ Wilson Center မှ Lucas Myers တို့ သတိပေးထားသလို ကမ္ဘာတလွှားက ပြည်ပရောက် အစိုးရတွေဟာ အချိန်ကြာလာတာနဲ့အမျှ လူထုထောက်ခံမှု ဆုံးရှုံးလာပြီး မှေးမှိန် ပျောက်ကွယ်သွားလေ့ ရှိပါတယ်။
NUG အနေနဲ့ ဒီလိုအဆိုးဆုံးအကျိုးဆက်ကို ရှောင်ရှားနိုင်ခဲ့မယ် ဆိုရင်တောင်မှ စစ်အစိုးရအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်တာကို ဆက်ထိန်းထားနိုင်ဖို့ တော်တော်ကြိုးစား ရုန်းကန်ရပါလိမ့်မယ်။ ဒေသအရေးက ရှေ့တန်းပိုရောက်လာနိုင်ပါတယ်။ စစ်မြေပြင်မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အများအပြားဟာ စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်တွေကို ထပ်ရင်ဆိုင်ရနိုင်ပြီး အုပ်ချုပ်ရေးကို ခိုင်မာအောင်လုပ်ဖို့ ပိုမိုခက်ခဲလာပါလိမ့်မယ်။ ထိုဒေသများမှာ နေထိုင်သူများအတွက် “လွတ်မြောက်နေတယ်” လို့ ခံစားရတာမျိုး နည်းသထက် နည်းလာမယ်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေရဲ့ လတ်တလော အောင်မြင်မှုတွေနဲ့ ဆက်စပ်ကြည့်ရင် တတိယမြောက် ဖြစ်နိုင်ခြေ အကျိုးဆက်ဟာ အဆိုးမြင်လွန်းရာ ကျနိုင်ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ အရှေ့ဘက်က သူတို့ကို ကူညီထောက်ပံ့ပေးနေတဲ့ အင်အားကြီးနိုင်ငံတို့လို အင်အားအတောင့်ဆုံး အဖွဲ့တွေအနေနဲ့ ဒီအောင်မြင်မှုတွေဟာ သူတို့အတွက် လုံလောက်တယ်လို့ မြင်သွားနိုင်ပါတယ်။ ဘယ်စစ်ပွဲမှာမဆို အကျိုးစီးပွားတွေက စံရည်မှန်းချက်တွေကို လွှမ်းမိုးသွားနိုင်တာချည်းပါပဲ။
(ဆက်ရန်)