Home
မြန်မာသတင်း
မြန်မာ့အရေး တရုတ်အစိုးရ ဝင်ရောက်မစွက်ဖက်ရန် ဝါရှင်တန်ဒီစီတွင် ဆန္ဒပြ
DVB
·
July 31, 2024

မြန်မာ့အရေးမှာ တရုတ်အစိုးရက ဝင်ရောက်မစွက်ဖက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက  ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာ့အရေးမှာ တရုတ်အစိုးရက နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်တဲ့ ခြေလှမ်းတွေ မြင်သာထင်သာ ရှိလာတဲ့အပေါ်မှာ ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်လှုပ်ရှားမှုအဖြစ် ဒေသစံတော်ချိန် ဇူလိုင် ၃၀ ရက်က အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အမေရိကန်ပြည်ထောင်စု နယူးယောက်၊ ဆန်ဖရန်စ္စကိုနဲ့ ဝါရှင်တန်ဒီစီတို့မှာ တပြိုင်တည်းလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဂျပန်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့မှာလည်း သက်ဆိုင်ရာတရုတ်သံရုံးတွေကို မြန်မာ့အရေး ဝင်ရောက်မစွက်ဖက်ဖို့ ပြည်ပရောက်မြန်မာတွေက ဆန္ဒပြတောင်းဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ထောက်ပံ့နေတဲ့ တရုတ်ကို အမေရိကမှာရှိနေတဲ့ အဖွဲ့အစည်း ၄၂ ဖွဲ့ က  အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး (DC Metro Area)အဖွဲ့မှ ဦးရင်အေးက “ အဲဒါ အိတ်ဖွင့်ပေးစာကို တရုတ်သံရုံးရှေ့မှာလာပြီး တောင်းဆိုတာပေါ့နော်၊ သူတို့ကို စာကို Hand Deliver ပေးဖို့ပေါ့နော်၊ စာကိုပေးဖို့ ကျနော်တို့က အခွင့်အရေးတောင်းတဲ့အခါမှာ သူတို့က ဘယ်လိုမှ လက်မခံဘူးပေါ့နော်။ စာတိုက်က ပို့ပါလို့လည်း ပြောတယ်။ စာတိုက်က ပို့တဲ့အခါမှာလည်း ကျနော်တို့ ပို့ခဲ့ဖူးတယ်။ သူတို့ စာကို လက်မခံဘဲနဲ့ ပြန်ပို့တယ်။ ဆိုတော့ တရုတ်က ဒီအတိုင်းပဲ ယဉ်ကျေးတဲ့ တိုင်းပြည်တွေလို မဟုတ်ဘူးပေါ့နော်။ တခြားတိုင်းပြည်တွေ တခြားသံရုံးတွေ သွားရင် အမြဲတမ်း တာဝန်ရှိသူတယောက် ဆင်းလာတယ်။ ကျနော်တို့နဲ့ စကားပြောတယ်။ ကျနော်တို့ ဘာလိုချင်တာလဲ ဆိုတာ အမြဲတမ်း နားထောင်တယ်ပေါ့နော်။ တရုတ်နဲ့ အိန္ဒိယတို့ကတော့ ဒီလိုပါပဲ လက်မခံပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ပါစေ၊ ကျနော်တို့က အခုမှလာတာ မဟုတ်ပါဘူး၊ တောက်လျှောက်လာပါတယ်။ တရုတ်က မြန်မာပြည်အရေးကို ဝင်ပြီး စွက်ဖက်နေတဲ့ကိစ္စပေါ့နော်။ သူတို့ကပြောရင် non-interference ပေါ့နော်၊ မကြာမီကပဲ နှစ်ပေါင်း ၇၀ ဝင်ရောက်မစွက်ဖက်ရေးမူ ဆိုပြီး သွားခဲ့ပြီးပြီးတော့မှ သူတို့ကိုယ်တိုင်က ဝင်စွက်ဖက်နေတဲ့ အနေအထား အဲဒါကို ကျနော်တို့အနေနဲ့ လာပြီးတော့ ကန့်ကွက်ဆန့်ကျင်ရှုတ်ချတာ” လို့ ပြောပါတယ်။

တရုတ်အစိုးရက မြန်မာပြည်တွင်းက သူ့ရဲ့စီမံကိန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လည်ပတ်ဖို့ ကြိုးစားနေတာ၊ မြန်မာ့နိုင်ငံရေးကို ၂၀၀၈ ဖွဲ့စည်းပုံလမ်းကြောင်းပေါ် ပြန်တင်ပြီး ရွေးကောက်ပွဲ အကောင်အထည်ဖော်ဖို့ တွန်းအားပေးနေတာ၊ တော်လှန်ရေး အင်အားစုတွေကို အသိအမှတ်ပြု ဆက်ဆံတာမျိုးမလုပ်ဘဲ စစ်ကောင်စီနဲ့ အာဏာရှင်ဟောင်းတွေကို ဦးစားပေးဆက်ဆံနေတာတွေကြောင့် ဝေဖန်မှုတွေ ဖြစ်ပေါ်နေတာပါ။

မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဦးရင်ထွေးက “ဒီတရုတ်က ကျနော်တို့ အထဲထဲကို ဝင်လာပြီးတော့ကို သူ လိုချင်တဲ့ ပုံစံမျိုးတွေ စွဲဆောင်ပြီးတော့ လုပ်နေတဲ့အတွက် ကျနော်တို့က ဒီတရုတ်သံရုံးအရှေ့မှာ လာပြီးတော့ ဆန္ဒပြတာပါ။ ဒီနေ့ ဆန္ဒပြတာလည်း ဒီဝါရှင်တန်ဒီစီ တခုတည်းမဟုတ်ပါဘူး၊ နယူးယောက်မှာ ပြတယ်၊ အင်္ဂလန်မှာပြတယ်၊ ဂျပန်မှာ ပြတယ်။ နေရာပေါင်းစုံ ဆန်ဖရန်မှာ ပြနေတယ်။ အားလုံး တနေရာတည်းမှာ တသွေးတည်း တသံတည်း ထွက်တယ်ဆိုတဲ့ အရာကို ပြချင်တဲ့အတွက် ကျနော်တို့ ဒီမှာလာရောက်ပြီး ဆန္ဒပြရတာပါ။”

မတ် ၇ ရက် စတင်ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံတော်အတိုင်ပင်ခံညီလာခံနဲ့ အမျိုးသားလွှတ်တော် ညီလာခံတွေအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက လတ်တလောမှာ နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီး အခြေခံမူ ၄ ချက်ရှိတယ်လို့ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေဆိုထားပါတယ်။ 

မူ ၄ ချက်ကတော့ တခြားနိုင်ငံတွေရဲ့ နိုင်ငံရေးမှာ ဝင်မစွက်ဖို့၊ ပြဿနာတွေကို နိုင်ငံရေး နည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့၊ ဘယ်ဘက်မှမလိုက်ဘဲ ဖြောင့်မတ်တဲ့ ကြားနေအဖြစ် ပါဝင်ဖို့၊ ဖြစ်လာတဲ့ ပဋိပက္ခတွေရဲ့ အရင်းခံအကြောင်းနဲ့ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကို ဖြေရှင်းပေးဖို့ စတာတွေ ဖြစ်ပါတယ်။

အဲ့ဒါအပြင် တရုတ်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် နိုင်ငံကြီး တရပ်အနေနဲ့ ကမ္ဘာ့ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ ဝတ္တရားရှိတဲ့အတွက် အားလုံးနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ထားရှိတယ်လို့ ဝမ်ယိက ပြောဆိုထားပါတယ်။ 

သုတချမ်းသာ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024