မြန်မာ့နွေဦးတော်လှန်ရေးအား နည်းလမ်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားနေတဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲတခု ဇူလိုင် ၃၀ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြုလုပ်ခဲ့ပါတယ်။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံးရှေ့မှာ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပိုစတာတွေကိုင်စွဲ၊ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
“မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတာရပ်ပါ” ၊ “ကိုယ်အိမ်ကိုယ်ပြန်တဲ့လမ်း ဘယ်သူမှ တားဆီးခွင့်မရှိ”၊ “တို့နိုင်ငံအနာဂတ် ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်မယ်”၊ “ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ”၊ “အရာရာဟာ ပြည်သူ့သဘောထားအတိုင်း ဖြစ်ရမယ်”လို့ အဓိပ္ပာယ်ရတဲ့စာတွေကို အင်္ဂလန်၊ တရုတ် နှစ်ဘာသာနဲ့ ရေးသားပြီး ဆန္ဒထုတ်ဖော်ကြတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်မစ်ရှင်ရုံးနဲ့တကွ သက်ဆိုင်ရာဌာနတွေထံ အိတ်ဖွင့်ပေးစာတွေ ပေးပို့ခဲ့တယ်လို့ နယူးယောက်မြို့ မြန်မာကွန်မြူနတီ ( NYCBC ) ကထုတ်ပြန်ထားပါတယ်။