၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း သုံးနှစ်ကျော်ကြာ ပဋိပက္ခတွေ မငြိမ်သက်မှုတွေ ဖြစ်ပွားပြီးနောက်မှာ မြန်မာနိုင်ငံဟာ စစ်ရေးအရရော နိုင်ငံရေးအရပါ အကျဉ်းအကျပ်ထဲ ကျရောက်နေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို ဒေသအများစုမှာ ထိထိရောက်ရောက် တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ စကစကို မြို့ပေါ် အခိုင်အမာနေရာတွေကနေ မောင်းထုတ်နိုင်ဖို့တော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့တော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေ ရပ်တည်လျက်ရှိပါတယ်။ မြန်မာနိုင်ငံတွင်း ပဋိပက္ခကို အဖြေရှာဖို့ ကြိုးစားသူ အများစုကတော့ မြန်မာစစ်တပ်ကို ဖိအားပေးပြီး တော်လှန်ရေးအဖွဲ့တွေကို ကူညီဖို့ ဒါမှမဟုတ် မြန်မာပြည်သူတွေဘက်က ရပ်တည်ဖို့ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှု ကြီးကြီးမားမားရှိတဲ့ ဘေကျင်းအစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။
ဘေကျင်းအစိုးရကတော့ အခုလို တောင်းဆိုတာတွေကို လက်ရှိအချိန်ထိ တုံ့ပြန်မှုမရှိသေးဘဲ အမှန်တကယ် အရေးတယူ ဆောင်ရွက်မယ့် အရိပ်အယောင်လည်း မြင်တွေ့ရခြင်း မရှိပါဘူး။ တရုတ်ရဲ့ မြန်မာနိုင်ငံအုပ်ချုပ်ရေးအဖွဲ့အပေါ် သဘောထားဟာ ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက မရေမရာ မတင်မကျ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
သို့သော် လက်ရှိအချိန်မှာ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဘေကျင်းက အသိအမှတ်ပြုထားခြင်းတော့ မရှိပါဘူး။ ဒါပေမဲ့ တဖက်မှာလည်း နိုင်ငံခြားရေးဝန်ကြီး အပါအဝင် စစ်ကောင်စီရဲ့ အကြီးတန်းအုပ်ချုပ်ရေးအရာရှိတွေကို တရုတ်နိုင်ငံမှာ တရားဝင် အစည်းအဝေးတွေ တက်ရောက်ဖို့ ဖိတ်ကြားတာမျိုးတွေကို လုပ်ဆောင်နေပါတယ်။
အလားတူပဲ တရုတ်အနေနဲ့ ဒီမိုကရေစီအစိုးရက ခန့်အပ်ထားတဲ့ ကုလသမဂ္ဂသံအမတ်ကြီးကို အသိအမှတ်ပြုထားသလို စစ်ကောင်စီကခန့်အပ်တဲ့ သံအမတ်အသစ်ကိုလည်း ဘေကျင်းမှာ ပွင့်ပွင့်လင်းလင်း လက်ခံထားပါသေးတယ်။
တရုတ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တဲ့ တော်လှန်ရေးအစုအဖွဲ့တွေကို အကူအညီပေးဖို့ ရှောင်ကြဉ်နေပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကိုတော့ တရုတ်-မြန်မာ နယ်စပ်ဒေသက နယ်မြေတချို့ကို စစ်ရေးအရ သိမ်းပိုက်ဖို့ တိတ်တဆိတ် ခွင့်ပြုထားပြန်ပါတယ်။
အခုလို ဘေကျင်းရဲ့ မရေရာတဲ့ အငြင်းပွားဖွယ် လုပ်ရပ်တွေဟာ ၎င်းတို့ရဲ့ မတူညီတဲ့ နယ်ပယ်တွေက အကျိုးစီးပွားတွေအပေါ် ဆက်နွှယ်မှုရှိနေပါတယ်။
သို့သော် တရုတ်အနေနဲ့ ၎င်းရဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လေ့ မရှိတဲ့ နိုင်ငံတကာဆက်ဆံရေးမူဝါဒအရ မြန်မာစစ်တပ်ကို ဖြုတ်ချဖို့တော့ အားပေးခြင်း မရှိပါဘူး။ ဘေကျင်းအစိုးရရဲ့အမြင်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး တိုးတက်လာတာပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က တရားမဝင် ဖြုတ်ချတာပဲဖြစ်ဖြစ် အရေးပါတဲ့ ဘယ်ဆုံးဖြတ်ချက်မဆို စစ်တပ်အပါအဝင် မြန်မာနိုင်ငံအတွင်းက အင်အားစုတွေကသာ ဆုံးဖြတ်သင့်တယ်လို့ မြင်ပါတယ်။
ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေရဲ့ တစိတ်တပိုင်းကသာ ကိုယ်စားပြု ပါဝင်ထားတာ ဖြစ်တဲ့အတွက် NUG ရဲ့ တရားဝင်မှုဟာ တရုတ်အတွက် အငြင်းပွားဖွယ်ရာ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ စင်ပြိုင်အစိုးရအဖြစ် NUG ရဲ့ အနေအထားကို တရုတ်က မကြာခဏ မေးခွန်းထုတ်လေ့ရှိပြီး NUG အနေနဲ့ တနိုင်ငံလုံးဆိုင်ရာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ရရှိလာတာဟာ ၎င်းရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတဆင့် ကြိုးစားမှုတွေကြောင့်ဆိုတာ သိသာထင်ရှားစေပါတယ်။
အကယ်၍ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ စစ်ကောင်စီကို အနိုင်ရခဲ့မယ်ဆိုရင် ယင်းရလဒ်အပေါ် တရုတ်အစိုးရက အကြွင်းမဲ့လက်ခံမှာဖြစ်ပေမဲ့ အဆိုပါရလဒ်ထွက်အောင် ကြိုးပမ်းမှုတွေကိုတော့ ဝင်ရောက်ပါဝင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ် ရှိနေတာဟာ တရုတ်အစိုးရအတွက် ပြဿနာမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာရခဲ့စဉ်က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်အစိုးရ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ခြင်းက သက်သေခံလျက်ရှိပြီး ပြည်ပအကူအညီများစွာနဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ NUG အစိုးရကိုသာ ဘေကျင်းအစိုးရက ငြင်းဆန်နေတာ ဖြစ်ပါတယ်။ ယင်းအချက်ကလည်း အနောက်နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှု တစုံတရာနဲ့ ပတ်သက်နေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ၁၀၂၇ စစ်ဆင်ရေးလို့ လူသိများခဲ့တဲ့ တော်လှန်ရေး ထိုးစစ်မှာလည်း တိုင်းရင်းသားတပ်ပေါင်းစုတွေကို တရုတ်-မြန်မာနယ်စပ်က နယ်မြေတွေ သိမ်းပိုက်ဖို့ ခွင့်ပြုလိုက်တာကြောင့် လက်ရှိအချိန်မှာ နယ်စပ်လုံခြုံရေးက ဘေကျင်းအစိုးရအတွက် အဓိကဦးစားပေး ဖြစ်နေပါတယ်။ အမှန်စင်စစ် တရုတ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထောက်ခံမှုမရှိပေမဲ့လည်း ဘေကျင်းအစိုးက အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားတဲ့ နယ်စပ်ဒေသက ဆိုင်ဘာလိမ်လည်မှုတွေမှာ မြန်မာစစ်တပ်က ပါဝင်ပတ်သက်နေတဲ့အပေါ် ဖိအားပေးချင်တာကြောင့် အခုလို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
အခုလို တရုတ်က တိုင်းရင်းသားတပ်ပေါင်းစုတွေရဲ့ တိုက်ခိုက်မှုကို ခွင့်ပြုလိုက်ခြင်းဟာ စစ်ကောင်စီကို ကောင်းကောင်းထိုးနှက်လိုက်တာဖြစ်တယ်လို့ ရှုမြင်နိုင်ပါတယ်။ သို့သော် တိုင်းရင်းသားတပ်တွေအနေနဲ့ နယ်စပ်ဒေသထက်ပိုတဲ့ အောင်မြင်မှုတွေ ရလာချိန်မှာတော့ တရုတ်က သူတို့ကို ကြားဝင်ဟန့်တားခဲ့ပါတယ်။ ဥပမာအားဖြင့် ဧပြီလတုန်းက ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အနေနဲ့ မြန်မာစစ်တပ်အပေါ် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်လာတဲ့အခါ တရုတ်က နယ်စပ်ဒေသတွေမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး သူတို့ရဲ့ရပ်တည်ချက်ကို ပြသခဲ့ပါတယ်။
ဒီတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ်ရဲ့ဗျူဟာက ဘာဖြစ်မလဲ။
ဘေကျင်းအစိုးရက တခြားအစုအဖွဲ့တွေနဲ့ မတူကွဲပြားစွာ ရွေးကောက်ပွဲအသစ်ကသာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စစ်ရေးအားပြိုင်မှုရဲ့ တခုတည်းသော ထွက်ပေါက်ဖြစ်တယ်လို့ ရပ်တည်ပြောဆိုခဲ့ပါတယ်။
မကြာသေးမီက စစ်ကောင်စီကြေညာခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေဟာ ဘေကျင်းအစိုးရရဲ့ ရပ်တည်ချက်ကို လိုက်လျော ထောက်ခံနေပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ် ၇ ခုအကြာ ဖြစ်ပွားနေခဲ့တဲ့ ပြည်တွင်းရေး ပဋိပက္ခတွေဟာ စစ်ကောင်စီကို အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍကနေ ဖယ်ထုတ်လို့ မရနိုင်သေးကြောင်း စိတ်ပျက်ဖွယ်အမှန်တရားတခုကို ညွှန်းဆိုနေပါတယ်။ သို့သော် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို ပိုမိုခိုင်မာစေဖို့အတွက်တော့ မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာရှင်စနစ်အောက်က အရင်လွတ်မြောက်ဖို့ လိုအပ်ပါတယ်။
ဥပမာအနေနဲ့ ၂၀၁၁ ကနေ ၂၀၁၆ အထိ နိုင်ငံကို တစိတ်တပိုင်း ဒီမိုကရေစီပေးပြီး အုပ်ချုပ်ခဲ့တဲ့ ဦးသိန်းစိန် အစိုးရဟာ စစ်အုပ်စုရဲ့ ဘက်လိုက်တဲ့ ရွေးကောက်ပွဲကနေ တက်လာခဲ့တာဖြစ်ပေမဲ့ အရပ်သားအစိုးရ ဖြစ်တာကြောင့် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြန်လည်ထူထောင်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရဟာ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုလည်း ဦးဆောင်ခဲ့ပြီး အဲဒီသဘောတူညီချက်ဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ရရှိခဲ့တဲ့ အထင်ရှားဆုံး ငြိမ်းချမ်းရေးသဘောတူညီချက်လည်း ဖြစ်ပါတယ်။
သို့သော် အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့ လွှမ်းမိုးခြယ်လှယ်မှုကနေ ကင်းလွတ်လိမ့်မယ်လို့တော့ တရုတ်က ယုံကြည်မှုမရှိပါဘူး။ စစ်ကောင်စီက ကျင်းပတဲ့ ရွေးကောက်ပွဲအနေနဲ့ ကိုယ်စားပြုမှုတွေ ကြီးကြီးမားမား ချွတ်ယွင်းနေမှာဖြစ်ပြီး လွတ်လပ်မှုရော တရားမျှတမှုပါရှိမှာ မဟုတ်တာ သေချာပါတယ်။ သို့သော် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ နိုင်ငံရေးအရ အနှစ်သာရမရှိတဲ့ ရွေးကောက်ပွဲ ဆိုရင်တောင် ဘယ်ရွေးကောက်ပွဲမှမရှိဘဲ စစ်ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွားနေတာထက်တော့ တရုတ်အစိုးရအတွက် ပိုအကျိုးရှိမယ်ဆိုတာ သိသာနေပါတယ်။
တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ ဒေသတွင်း တည်ငြိမ်ရေးကိုသာ လိုလားတာဖြစ်ပြီး တရုတ်အနေနဲ့ မြန်မာပြည်သူတွေအပေါ် ကူညီသင့်တယ်လို့ ငြင်းခုန်လာကြတဲ့အပေါ်လည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက တပ်မတော်ကို အမျိုးသားနိုင်ငံရေးကနေ ဖယ်ထုတ်ထားတဲ့ကာလ မရှိဘူးလို့ တရုတ်က ပြန်လည်တုံ့ပြန်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ အမြင်အရ အခုအခါမှာတော့ ဘာမှမထူးခြားတော့ပါဘူး။
မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ ရှုပ်ထွေးပွေလီတဲ့ ပဋိပက္ခတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒီပဋိပက္ခတွေထဲမှာ ဗမာလူမျိုးအများစုနဲ့ အခြားလူမျိုးစုတွေကြားက လူမျိုးရေး ပဋိပက္ခတွေ၊ စစ်အုပ်စုနဲ့ ဒီမိုကရေစီ အတိုက်အခံတွေကြားက နိုင်ငံရေးပဋိပက္ခတွေ၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ အခြားဘာသာဝင်တွေကြားက ဘာသာရေးပဋိပက္ခတွေ အဓိက ပါဝင်ပါတယ်။
တရုတ်ဟာ ဆက်လက်ရှုပ်ထွေးနေမယ့် မြန်မာနိုင်ငံက ပဋိပက္ခတွေအတွက် လက်ပိုက်ကြည့်နေဦးမှာပဲ ဖြစ်ပြီး ဒါဟာ တနေ့မှာ တရုတ်က နိုးထလာပြီး စစ်အစိုးရကို ဖြုတ်ချလိမ့်မယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေကြတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေအတွက် လက်တွေ့ကျတဲ့ အမှန်တရားအဖြစ် သတိပြုနိုင်ဖွယ် ဖြစ်ပါတယ်။
သူရိန်သွေး
(Nikkei Asia သတင်းဌာနတွင် ဖော်ပြပါရှိသော ဝါရှင်တန်အခြေစိုက် လေ့လာရေးအစုအဖွဲ့ Stimson Center ၏ အရှေ့အာရှပရိုဂရမ် တွဲဖက်ဒါရိုက်တာနှင့် တရုတ်ပရိုဂရမ်၏ အကြီးတန်းအမှုဆောင် ယွန်ဆန်၏ “China will not give up on Myanmar's military” ဆောင်းပါးကို ဘာသာပြန် တင်ဆက်သည်။)