Home
ဆောင်းပါး
လွတ်မြောက်သွားပြီဖြစ်တဲ့ ဝီကီလိခ် ထူထောင်သူ ဂျူလီယန် အက်ဆန့် 
DVB
·
June 27, 2024
ArticleCWM_27062024

လန်ဒန်မြို့၊ ဘဲလ်မာ့ရှ် အကျဉ်းထောင်မှာ ၂၀၁၉ ခုနှစ် ဧပြီလကတည်းက ထိန်းသိမ်းခံထားရတဲ့ ဝီကီလိလိခ် (WikiLeaks) ထူထောင်သူ ဂျူလီယန် အက်ဆန့်ကို မြောက်မာရီယာနာကျွန်း တရားရုံးက ဇွန် ၂၆ ရက် မနက်ပိုင်းမှာ ထောင်ဒဏ် ၅ နှစ်နဲ့ ၂ လ ပြစ်ဒဏ်ချမှတ်ပြီးတဲ့နောက် သူဟာ လွတ်လပ်သူတဦးအဖြစ်နဲ့ တရားရုံးအပြင်ဘက်ကို ရောက်ရှိလို့လာခဲ့ပြီ ဖြစ်တယ်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အကျဉ်းထောင်မှာ ငါးနှစ်ကျော် ထိန်းသိမ်းခံထားရတဲ့ အက်ဆန့်က သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံလိုက်ပြီးတဲ့နောက် အကျဉ်းထောင်က လွှတ်ပေးလိုက်တာပါ။ အပြစ်ရှိကြောင်း ဝန်ခံရင် လွှတ်ပေးမယ်ဆိုတဲ့ သူနဲ့ အမေရိကန်အစိုးရကြား သဘောတူညီချက်အရ ခုလို လွတ်မြောက်လာခဲ့တာပါ။ သူ့ကို လန်ဒန်အကျဉ်းထောင်ကနေ လေယာဉ် နာရီပေါင်းများစွာ စီးရပြီး မိုင်ပေါင်းထောင်ချီဝေးတဲ့ ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ဘက်က အမေရိကန်ပိုင် ဆိုင်ပန်ကျွန်းက မြောက်မာရီယာနာ တရားရုံးကို ခေါ်သွားပြီးတဲ့နောက် တရားသူကြီးက ခုလို လွှတ်ပေးလိုက်တာ ဖြစ်တယ်။

“ခုချိန်ကစပြီး သင်ဟာ တရားရုံးအပြင်ဘက်ကို လွတ်လပ်သူတဦးအဖြစ်နဲ့ လမ်းလျှောက်သွားလို့ ရနိုင်ပါပြီ” လို့ တရားသူကြီးက ကြေညာသွားခဲ့တယ်။

အက်ဆန့်ဟာ အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို တရားမဝင် ရယူဖြန့်ချိခဲ့တယ်ဆိုတဲ့ တရားစွဲဆိုမှုအပေါ်  အပြစ်ရှိကြောင်း ဝန်ခံခဲ့တာဖြစ်တယ်။

ဂျူလီယန် အက်ဆန့်နဲ့ ပတ်သက်ပြီး ကမ္ဘာ့သတင်းမီဒီယာလောကမှာ ဟိုးလေးတကြော် ဖြစ်နေခဲ့တာ ကြာပါပြီ။ အမေရိကန်အစိုးရဟာ သူ့ကို အလိုရှိနေခဲ့တယ်။ သူဟာ သူ့ရဲ့ Wikileaks ကတဆင့် အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တယ်။ အထူးသဖြင့် အီရတ်နဲ့ အာဖဂန်စစ်ပွဲကာလအတွင်း အမေရိကန်စစ်တပ်ရဲ့ စစ်ရေးလျှို့ဝှက်ချက်တွေ၊ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဝီကီလိခ်ကတဆင့် ဖော်ထုတ်ခဲ့တယ်။ ဂျူလီယန်အက်ဆန့်ရဲ့ Wikileaks ကတဆင့် ဖော်ထုတ်ခဲ့တဲ့အထဲမှာ ၂၀၀၇ ခုနှစ်က အီရတ်မှာ အမေရိကန် စစ်ရဟတ်ယာဉ်တစီးက အရပ်သားတွေကို ပစ်ခတ်ခဲ့တဲ့ ဗီဒီယိုဖိုင်တခုလည်း ပါဝင်တယ်။ အဲဒီလို ရဟတ်ယာဉ်ပေါ်က ပစ်သတ်ခံရသူတွေထဲမှာ ရိုက်တာသတင်းထောက်တဦးနဲ့ ယာဉ်မောင်းတဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုတယ်။

၂၀၁၀ ပြည့်နှစ်ကစပြီး အက်ဆန့်ရဲ့ Wikileaks က ဖော်ထုတ်လိုက်တဲ့ သတင်းအချက်အလက်တွေကို တကမ္ဘာလုံးက စိတ်ဝင်စားခဲ့ကြပြီး သတင်းလွတ်လပ်ခွင့် လိုလားသူတွေအတွက် သူဟာ သူရဲကောင်းတဦး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အမေရိကန်လုံခြုံရေးနဲ့ ထောက်လှမ်းရေးသတင်းရင်းမြစ်တွေကို အန္တရာယ်ဖြစ်စေတယ်လို့ ယူဆသူတွေကတော့ သူဟာ သစ္စာဖောက် ဗီလိန်တဦး ဖြစ်ခဲ့တယ်။ အမေရိကန်အစိုးရဟာ အီရတ်နဲ့ အာဖဂန် စစ်ပွဲအတွင်းက အမေရိကန်ရဲ့ စစ်ရေးလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တဲ့ ဂျူလီယန် အက်ဆန့်ကို ဖမ်းဆီးပြီး တရားစွဲဖို့ အလိုရှိနေခဲ့တယ်။

သူ့ကို ၂၀၁၉ ခုနှစ်မှာ အမေရိကန်တရားသူကြီးအဖွဲ့က အမျိုးသားလုံခြုံရေးမှတ်တမ်းတွေကို တရားမဝင် ဖော်ထုတ်ခဲ့မှုနဲ့ ဆက်စပ်တဲ့ စွဲချက် ၁၈ ခုနဲ့ တရားစွဲဆိုခဲ့တယ်။

အက်ဆန့်ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတခုအတွက် ဆွီဒင်နိုင်ငံကို လွှဲအပ်ခံရမှာ စိုးရိမ်ပြီး လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးမှာ ၇ နှစ်ကြာ ပုန်းအောင်းခိုလှုံနေခဲ့တယ်။ အဲဒီအမှုက နောက်တော့ ရုပ်သိမ်းသွားတယ်။ ၂၀၁၉ ခုနှစ်မှာ သူ့ကို ဗြိတိန်အစိုးရက ဖမ်းဆီးပြီး လန်ဒန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့တယ်။

အက်ဆန့်ကို လွှဲပြောင်းပေးဖို့ အမေရိကန်အစိုးရက ဗြိတိန်အစိုးရကို တောင်းဆိုနေခဲ့ပြီး ဗြိတိန်ကလည်း သူ့ကို လွှဲပြောင်းပေးဖို့ သဘောတူခဲ့တယ်။ ဗြိတိန်တရားရုံးက အက်ဆန့်ကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့ပြီးကာမှ Plea deal လို့ခေါ်တဲ့ သဘောတူညီချက်ရရှိခဲ့ပြီး သူဟာ အကျဉ်းထောင်ထဲက လွတ်မြောက်လာခဲ့တာပါ။ အက်ဆန့်အနေနဲ့ အပြစ်ရှိကြောင်း ဝန်ခံပြီး ပြစ်ဒဏ်ခံယူကာ အပြစ်က လွတ်မြောက်ခွင့်ရစေမယ့် (Plea deal) ကို သဘောတူခဲ့တာ ဖြစ်တယ်။

ဂျူလီယန် အက်ဆန့်ကို လန်ဒန်အကျဉ်းထောင်ထဲမှာ ၅ နှစ်၊ ၂ လကြာ ထိန်းသိမ်းထားခဲ့ပြီး အဲဒီ ထိန်းသိမ်းထားစဉ်ကာလကို ပြစ်ဒဏ်အဖြစ် သတ်မှတ်ပြီး မြောက်မာရီယာနာတရားရုံးက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာ ဖြစ်တယ်။ မြောက်မာရီယာနာဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ဘက်က အမေရိကန်နိုင်ငံပိုင် ဆိုင်ပန်ကျွန်းပေါ်မှာ တည်ရှိပါတယ်။ ဒီနေရာကို ရွေးချယ်ရခြင်းဟာ အက်ဆန့်ကိုယ်တိုင်က သူ့ကို အမေရိကန်ပြည်မထဲ လွှဲပြောင်းစီရင်ခြင်း မပြုဖို့ တောင်းဆိုထားလို့ပါ။

ဂျူလီယန် အက်ဆန့်ကို ခုလို လွှတ်ပေးလိုက်တဲ့အပေါ် ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး ဒီအမှုဟာ လူ့အခွင့်ရေးနဲ့ ဆက်စပ်တဲ့ကိစ္စတွေကို အများကြီးဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုတယ်။

အမေရိကန် ဒု-သမ္မတဟောင်း မိုက်ပင့်စ်ကတော့ ဒီလိုလွှတ်ပေးလိုက်တာကို သဘောမတူပါဘူး။ တရားစီရင်ရေး သားလျှောမှုလို့ ပြောလိုက်ပြီး အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့က အမျိုးသား၊ အမျိုးသမီး တပ်ဖွဲ့ဝင်အားလုံးရဲ့ တာဝန်ထမ်းဆောင်မှုကို မလေးစားရာ ရောက်တယ်လို့ ဆိုတယ်။

အက်ဆန့်ကို အမေရိကန်နိုင်ငံထံ လွှဲပြောင်းပေးဖို့ ဗြိတိန်အစိုးရက ၂၀၂၂ ခုနှစ် ဇွန်လမှာ သဘောတူခဲ့ပြီး ဖြစ်တယ်။ ဗြိတိန်တရားရုံးရဲ့ လွှဲပြောင်ပေးရေး စီရင်ချက်ကို အက်ဆန့်ဘက်က အယူခံဝင်ခွင့် မကြာခင်က ရရှိခဲ့ပြီး ရုံးချိန်း နှစ်ပတ်အလိုမှာ ခုလို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ရရှိလာခဲ့တာ ဖြစ်တယ်။

ပြစ်ဒဏ်က လွတ်မြောက်ပြီး တရားရုံးခန်းထဲက ထွက်လာတဲ့ အက်ဆန့်ဟာ သူနေထိုင်ရာ ဩစတြေးလျနိုင်ငံ ကင်ဘာရာကို ခရီးဆက်မယ်လို့ သိရတယ်။ ငါးနှစ်ကျော်ကြာ လွန်ဆွဲနေတဲ့ ဝီကီလိခ် ထူထောင်သူ ဂျူလိယန် အက်ဆန့်ရဲ့ အမှုဟာ ခုတော့ နိဋ္ဌိတံသွားပါပြီ။

“ဂျာနယ်လစ်တယောက်အနေနဲ့ ဖော်ထုတ်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို ဖော်ထုတ်ပေးဖို့ သတင်းရင်းမြစ်တွေကို ကျနော် တိုက်တွန်းခဲ့ပါတယ်” လို့ တရားရုံးမှာ နောက်ဆုံး သူ ပြောသွားခဲ့တယ်။

CWM 

Ref: Wikileaks founder Assange freed in US plea deal.-CNA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013