Home
နိုင်ငံတကာ
ဘိုလီးဗီးယားဗိုလ်ချုပ်ကြီး ဇူနီဂါကို အာဏာသိမ်းရန်ကြံစည်မှုဖြင့် ဖမ်းဆီး
DVB
·
June 27, 2024
Photo -REUTERS

ဘိုလီးဗီးယားနိုင်ငံမှာ မအောင်မြင်တဲ့အာဏာသိမ်းရန်ကြိုးပမ်းမှု တရပ်ဖြစ်ပွားခဲ့ပြီး ဗိုလ်ချုပ်ကြီး ဟွမ်န်ဟိုဆေးဇူနီဂါကို အာဏာသိမ်းဖို့ကြိုးပမ်းမှုနဲ့  စစ်ရေးရာထူးတာဝန်ကနေ ဖယ်ရှားပြီးတော့ မြို့တော်လာပက်ဇ်မှာ ဇွန် ၂၆ ရက်က ဖမ်းဆီးလိုက်ပါတယ်။

အဲဒီနေ့ အစောပိုင်းက ဗိုလ်ချုပ်ကြီး ဟွမ်န်ဟိုဆေး ဇူနီဂါဦးဆောင်တဲ့ စစ်တပ်ဖွဲ့တွေဟာ သမ္မတအိမ်တော်နဲ့ လွှတ်တော်တို့တည်ရှိရာ ဗဟိုပလာဇာမူရီလိုရင်ပြင်မှာ စုဝေးခဲ့ကြပြီး နောက်မှာ ဘိုလီးဗီးယားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ လာပက်ဇ်ရှိ သမ္မတအိမ်တော်ကနေ ပြန်ဆုတ်ခွာခဲ့ကြပါတယ်။

သမ္မတလူဝီဆားစ်က စစ်တပ်ရဲ့ မူမမှန်တဲ့ စုဖွဲ့လှုပ်ရှားမှုတွေကို ရှုတ်ချပြီး ဒီမိုကရေစီကို လေးစားရပါမယ်လို့ သူ့ရဲ့ X လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

အစိုးရကိုဆန့်ကျင်တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို သမ္မတက ပြစ်တင်ဝေဖန်ခဲ့ပြီး နိုင်ငံတကာရဲ့ ထောက်ခံမှုကို တောင်းဆိုခဲ့ပါတယ်။  အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ဘိုလီးဗီးယားအစိုးရနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေက ဝိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။

ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတဦးကတော့ သမ္မတနန်းတော်ရဲ့ တံခါးကို သံချပ်ကာယာဉ် တစီးက ဝင်တိုက်ထားပြီး စစ်သားတွေ အထဲကို ပြေးဝင်သွားတယ်လို့ ပြောပြပါတယ်။

နာရီအနည်းငယ် ကြာပြီးနောက်မှာ စစ်သားတွေဟာ ရင်ပြင်မှ ဆုတ်ခွာသွားပြီး ရဲတပ်ဖွဲ့က ပလာဇာကို ထိန်းချုပ်သွားတာကို ရိုက်တာ မျက်မြင်သက်သေက တွေ့ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ဇူနီဂါဟာ အဖမ်းမခံရခင်အချိန်က မီဒီယာနဲ့စကားပြောရာမှာ သမ္မတကိုယ်တိုင်က သူ့ရဲ့ကျော်ကြားမှုအတွက် အာဏာသိမ်းဖို့ကို တောင်းဆိုခဲ့တာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဇူနီဂါကိုဘယ်နေရာကို ခေါ်သွားတယ်တော့ အတိအကျ မသိရပါဘူး။ ဒီလှုပ်ရှားမှုမှာ သူနဲ့အတူ ပါ၀င်တဲ့ စစ်သည်တွေကို စစ်ဆေးသွားမယ်လို့ ရှေ့နေချုပ်က ပြောပါတယ်။

သမ္မတကတော့ စစ်ဦးစီးချုပ်အဖြစ် ဟိုဆေး ဝီလ်ဆင်ဆန်းချက်စ်ဗေလာကွက်ဇ်ကို ဇူနီဂါရဲ့ ရာထူးနေရာမှာ ခန့်အပ်ကြောင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိစေဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် တခြား စစ်ဘက်အကြီးအကဲအသစ်တွေကိုလည်း ခန့်အပ်ခဲ့ပါတယ်။ စစ်ဦးစီးချုပ်အသစ် ဟိုဆေးဝီလ်ဆင် ဆန်းချက်စ် ဗေလာကွက်ဇ်ဟာ သူ့ရဲ့ပထမဆုံး အမိန့်အဖြစ် လမ်းတွေပေါ်ရှိ တပ်တွေကို ဖြိုခွင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ သမ္မတဟောင်း အီဗိုမိုရာလက်စ်ကလည်း ထိပ်တန်းဗိုလ်ချုပ်ကြီးဟောင်း ဇူနီဂါ ကို အာဏာသိမ်းဖို့ ကြံစည်တာဖြစ်ကြောင်း စွပ်စွဲခဲ့ပါတယ်။

ဘိုလီးဗီးယားနိုင်ငံမှာ လက်ဝဲသမ္မတဟောင်း အီဗိုမိုရေးစ်က မဟာမိတ်ဟောင်း လူဝီဆားစ်ကို ယှဉ်ပြိုင်ပြီး ရွေးကောက်ပွဲဝင်မယ့် အစီအစဉ်ကြောင့် ၂၀၂၅ အထွေထွေ ရွေးကောက်ပွဲတွေ မတိုင်မီ အခြေအနေ တင်းမာနေပါတယ်။

အာဏာရဆိုရှယ်လစ်ပါတီမှာ အကွဲအပြဲကြီးတွေနဲ့  နိုင်ငံရေးမရေရာမှုတွေ ပိုမိုကျယ်ပြန့်လာနေပါတယ်။

ကျယ်ကျယ်ပြန့်ပြန့်ဆန္ဒပြမှုတွေကြားက ဖြုတ်ချခံခဲ့ရပြီး ယာယီကွန်ဆာဗေးတစ်အစိုးရနဲ့ အစားထိုးခဲ့တဲ့ ၂၀၀၆-၂၀၁၉ ခုနှစ်တုန်းက အုပ်ချုပ်ခဲ့တဲ့ မိုရာလက်စ်ကို လူတော်တော် များများက ပြန်မလိုချင်ကြတော့ပါဘူး။ အဲဒီနောက် လူဝီဆားစ်က ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013