Home
မြန်မာသတင်း
မြိတ်တွင် အမှိုက်သိမ်းကားမလာသဖြင့် အမှိုက်ထုပ်များမှ အနံ့ဆိုးထွက်ပြီး ခြင်ပေါများလာ
DVB
·
June 27, 2024

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ရပ်ကွက်တွေမှာ စည်ပင်အမှိုက်သိမ်းကားတွေက ပုံမှန်လာရောက်သိမ်းဆည်းတာ မလုပ်တဲ့အတွက် ရက်ရှည်စွန့်ပစ်ထားတဲ့ အမှိုက်ထုပ်တွေကနေ အနံ့ဆိုးထွက်ပြီး ခြင်ပေါများလာတဲ့ပြဿနာ ကြုံတွေ့နေရတယ်လို့ မြိတ်မြို့ခံပြည်သူတွေဆီက သိရပါတယ်။

မြိတ်တောင်နယ်မြေထဲ့က ရပ်ကွက်တွေမှာတော့ အာဏာသိမ်းပြီးအစောပိုင်းကတည်းက တပတ်မှာ နှစ်ကြိမ်သာ အမှိုက်လာရောက်သိမ်းဆည်းတော့ပြီး ကြောင်ငယ်ရပ်ကွက်နဲ့ စက်ဝင်းရပ်ကွက်တို့ဘက်မှာ ၁ လနီးပါးကြာတဲ့အထိ အမှိုက်ကားမလာတာရှိတယ်လို့ ဆိုပါတယ်။   

မြိတ်မြို့ခံတဦးက “အမှိုက်ကား မလာတော့ အိမ်ရှေ့မှာ အမှိုက်ကားတွေ ပုံပြီးတော့ ထားထားရတယ်။ သူတို့က ၁ လမှာ တခါ နှစ်ခါ လာတော့ ဒီတိုင်းပုံပြီးထားထားရတာပေါ့၊ ပုပ်သိုးလိုက်၊ အနံ့ထွက်လိုက်ပဲ။  မိုးလည်းရွာတော့ အမှိုက်တွေက အိမ်ရှေ့မှာ ပုံထားရတယ်။ မိုးရွာတော့ အမှိုက်ထုပ်တွေကနေ အနံ့ဆိုးလည်း ထွက်ပေါ့။ အမှိုက်ကားလာလို့ အမှိုက်ပုံး ဖွင့်လိုက်ရင် အထဲကနေ အနံ့သက်ဆိုးတွေ ထွက်လာတယ်၊ အိမ်ထဲတောင် အနံ့ရတယ်” လို့ ပြောပါတယ်။

အခုလို မိုးတွင်းကာလမှာ ရပ်ကွက်အတွင်း တိုက်ခန်းတွေဘက်မှာဆိုရင် ရက်ရှည်စွန့်ပစ်ထားတဲ့ အမှိုက်ထုပ်အိတ်တွေထဲကနေ ပုပ်သိုးနေတဲ့ အနံ့အသက် ဆိုးဆိုးဝါးဝါးထွက်ပေါ်လာပြီးတော့ ခြင် တွေလည်း ပေါများလာတယ်လို့ ပြောပါတယ်။

“အမှိုက်ကားမလာတာ ၁ လတောင်ရှိပြီး၊ အိမ်နောက်ဖေးဘက်တို့၊ အိမ်ရှေ့တွေမှာပဲ အမှိုက်ထုပ်တွေ ထားရတာလေ။ ကြာလာတော့ ခြင်တွေ‌လည်း များလာတယ်ပေါ့” လို့  ရပ်ကွက်အတွင်း တိုက်ခန်းငှား နေထိုင်သူတဦးက ပြောပါတယ်။

ယခင်အစိုးရလက်ထက်က လစဉ် အမှိုက်ကားတွေအတွက် ၅ဝဝ အထိသာ ပေးဆောင်ရပေမဲ့ လက်ရှိမှာ‌တော့ ဆီဈေးထိုးတက်လာတာနဲ့ ကားပြင်ခအတွက်ဆိုပြီး အမှိုက်ကားဖိုးကို  ၂ဝဝဝ ကနေ ၄ဝဝဝ အထိကို ရပ်ကွက်အလိုက် ပိုက်ဆံ ပေးဆောင်နေရတာလို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

“အခုက လကုန်ခါနီးရင် ပိုက်ဆံကောက်ရမှာဆိုတော့ ဒီအချိန်မျိုးဆိုရင် ပုံမှန်လာတတ်တယ်၊ ပြီးရင် အမှိုက်ကားဖိုးတွေ ကောက်ပြီးရင် နည်းနည်းပြန်ကြာသွားတတ်တယ်ပေါ့၊ ပြန်ကြာသွားတယ်ဆိုတာ နှစ်ပတ်ဆက်တိုက် မလာတော့လို့  အမှိုက်တွေက စုပုံလာတာမျိုး ဖြစ်တယ်” လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

ဒီလိုမျိုး အမှိုက်သိမ်းကားတွေ မလာတဲ့အတွက်ကြောင့် ရပ်ကွက်တွေမှာ နေအိမ်တွေအရှေ့ စွန့်ပစ်ထားတဲ့ အမှိုက်ထုပ်တွေက ရက်ရှည်ကြာလာတဲ့အခါမှာ ခြင်၊ ယင်တွေ‌ ပေါများလာပြီးတော့ ကျန်းမာရေးအတွက်လည်း ထိခိုက်မှုရှိလာနိင်တယ်လို့လည်း ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024