ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ ရဲစခန်းမှာ ဇွန် ၂၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုင်းတောင်ရဲစခန်းကို ဗုံးကြဲခဲ့တာကြောင့် တပ်ရင်းမှူး တဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးထက် မနည်း သေဆုံးပြီး ၆ ဦးထက် မနည်း ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးတပ်နဲ့ နီးစပ်တဲ့ ဒေသခံ တဦးက ပြောပါတယ်။
"နေ့လယ် ၂ နာရီလောက်က အစည်းအဝေးလုပ်နေတုန်း ဒရုန်းနဲ့ ဗုံးကြဲတာ။ အစည်းအဝေး လုပ်နေတုန်းဆိုတော့ လူက စုံတယ်။ တပ်ရင်းမှူး တဦးအပါအဝင် ၁၀ ဦးသေတယ်။ ဒဏ်ရာ ရတဲ့သူ တွေလည်း ၆ ဦးလောက်ရှိတယ်”
ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဆိုင်းတောင်ရဲစခန်းက သေဆုံးဒဏ်ရာရသူတွေကို လူနာတင်ယာဉ် တွေ အိမ်စီးကားတွေနဲ့ ဖားကန့်ဆေးရုံကို သယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့ဗျူဟာကုန်းကနေ ဇွန် ၂၆ ရက်မနက်က ဆိုင်းတောင်ရွာထဲ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၃ နေရာထက်မနည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံ တဦး သေဆုံးပြီး ၁၂ ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံအမျိုးသား တဦးက "ဖားကန့် ဗျူဟာကုန်းပေါ်ကနေ ဆိုင်းတောင်ကို လှမ်းပစ် နေတာ။ အချက်ရေကတော့ မနည်းဘူး။ ကျည်ကတော့ ဆိုင်းတောင်ထဲက နေရာ သုံးလေးနေရာ လောက်ကျတယ်။ လက်ဖက်ရည်ဆိုင် ထဲကျတာ အမျိုးသား တဦးသေတယ်။ ကျနော် သိသလောက် လက်နက်ကြီးမှန်ပြီး ဒဏ်ရာရတာ ၁၂ ဦးလောက်ကို ရှိပြီ "လို့ ပြောပါတယ်။
စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ စိန်မြသုခဘုန်းတော်ကြီးကျောင်းနားက လက်ဖက်ရည်ဆိုင်၊ ဆိုင်းတောင်ကျေးရွာအလယ်နဲ့ ရှမ်းကုန်းအနီးတဝိုက်ကို ကျရောက်ခဲ့ပြီး အရပ်သားတွေ ထိခိုက် ဒဏ်ရာ ရှိခဲ့တာပါ။
ဇွန် ၂၅ ရက်ကလည်း စစ်တပ် ဗျူဟာကုန်းမှ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် လုံးခင်းကျေးရွာက ကုန်စုံဆိုင် တဆိုင်ပေါ် ကျရောက်ပေါက်ကွဲပြီး ကုန်စုံဆိုင် မီးလောင် ပျက်စီးခဲ့ပါတယ်။
ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ဖားကန့်ဗျူဟာကုန်းမှ စစ်တပ်က ဆိုင်းတောင်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာပါ။