ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က စစ်ကောင်စီတပ် လက်အောက်ခံရုံး ၁၀ ရုံး၊ အမြောက်တပ်နဲ့ ပြည်သူ့ဆေးရုံတွေကို ဇွန် ၂၅ ရက် မနက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က သိမ်းပိုက်ရရှိထားတယ်လို့ တိုက်ပွဲပါဝင်နေသူတွေဆီက သိရပါတယ်။
ကျောက်မဲမြို့ကို TNLA နဲ့အတူ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေလည်း ပါဝင်တိုက်ခိုက်နေပြီး အခုလက်ရှိအချိန်ထိ စစ်ကောင်စီတပ်ရဲ့ နောင်ပိန်ကျေးရွာစခန်း အပါအဝင် ရုံး ၁၀ ရုံးကို သိမ်းထားနိုင်ပြီလို့ ကျောက်မဲခရိုင်မှူးက ပြောပါတယ်။
“စစ်တပ်ဘက်ကတော့ လေယာဉ်နဲ့ လာပစ်တယ်၊ စစ်သားတွေတော့ အများကြီးသေတယ်။ ငြိမ်းချမ်းရေးကုန်းမှာလည်း စစ်သားအလောင်းတွေ များတယ်။”
ကျောက်မဲမြို့ထဲမှာ တိုက်ပွဲဆက်လက်ဖြစ်နေပြီး စစ်ကောင်စီတပ် လက်နက်ကြီးကျည် လူနေရပ်ကွက်တွေထဲ ကျတာကြောင့် အရပ်သားထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ကျောက်မဲမြို့မှာ ဇွန် ၂၄ ရက်က စတင်ကာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပြီး တိုက်ပွဲကာလအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၆ ဦး သေဆုံးထားပါတယ်။