ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နဲ့ ရွှေသောင်ယံမြို့မှာ စစ်ကောင်စီတပ်က ဇွန် ၂၃ ရက်ကစတင်ပြီး စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်နေတဲ့ ပုသိမ်မြို့နယ်နဲ့ ရွှေသောင်ယံမြို့ဘက်ကို အာရက္ခတပ်တော် (AA) ဝင်ရောက်နေရာယူလာလို့ဆိုပြီး စစ်ကောင်စီတပ်သား အင်အား ၅၀ နီးပါးနဲ့ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းနေလို့ လယ်ယာလုပ်ငန်းတွေနဲ့ ဒေသအခြားလုပ်ငန်းတွေ ကောင်းကောင်းမလုပ်ရဲ ဖြစ်နေတာလို့ ဒေသခံ တောင်သူတွေက ဆိုပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “ရမ်းသန်းပစ်ခတ်တာတွေပါ လုပ်လာတာ။ မကြာခဏ ရဟတ်ယာဉ်တွေလည်း ပျံဝဲသံ ကြားနေရတယ်။ စစ်ကောင်စီတပ်သားတွေကို ရှောင်နေရတာနဲ့ အလုပ်ကောင်းကောင်း မလုပ်ရဘူး။ သူတို့လာတာနဲ့တိုးရင် PDF တွေလာလား၊ အကြမ်းဖက်အဖွဲ့တွေကို မဝှက်ထားနဲ့၊ ဖမ်းမယ် ဆီးမယ် ပြော ဖမ်းတာ။ ကမ်းခြေဘက်တွေကို အဓိကထား စစ်ကြောင်းထိုးနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေ လုပ်နေတဲ့အပြင် ဒေသခံတွေရဲ့ ကြက်တွေ၊ ဝက်တွေ စတဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်ယူဆောင်သွားသလို တောတောင်တွေထဲမှာ ထင်းခွေတာ၊ ဝါးခုတ်တာ၊ လယ်ယာလုပ်ငန်းတွေ လုပ်နေတာ တွေ့တဲ့ အမျိုးသားတွေကို PDF လို့ စွပ်စွဲဖမ်းဆီးတာတွေပါ လုပ်နေတာလို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသားတယောက်က“အခုလ ၂၃ ရက်နေ့ကတည်းက တကျော့ပြန် စစ်ကြောင်းထိုးနေတာ။ ၂ ရက်ရှိပြီ လယ်ထဲမဆင်းရဲတာ။ ကျနော်တို့ဘက်မှာတော့ စစ်ကောင်စီတပ်ကလွဲလို့ ဘယ်လက်နက်ကိုင်မှ မရှိပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်း၊ မော်တင်ကမ်းခြေတွေမှာ ပြီးခဲ့တဲ့ မတ်လ ဒုတိယအပတ်ကလည်း စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ ဧရာဝတီတိုင်း ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ရခိုင်ရိုးမအစပ်မှာ နေထိုင်တဲ့ အရပ်သား ဒေသခံတွေကို တောအတွင်း သစ် ဝါး ခုတ်ယူတာတွေ မလုပ်ဖို့၊ တောအတွင်းနေထိုင်ပြီး လယ်ယာလုပ်ငန်း မလုပ်ဖို့၊ လူစုဖွဲ့မနေဖို့၊ ညအိပ်နေထိုင်ပြီး အလုပ်မလုပ်ဖို့ စတဲ့အချက်တွေကို ဖိအားပေး ညွှန်ကြားထားတယ်လို့ သိရပါတယ်။