Home
မြန်မာသတင်း
ထီးလင်းတွင် အချုပ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်
DVB
·
June 26, 2024

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အချုပ်မှာ ၈ လကြာ ဖမ်းဆီးနှိပ်စက်ခံထားရတဲ့ အချုပ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ထီးလင်းအခြေစိုက် Taw Revolution Army-YRA ထီးလင်းအဖွဲ့ဆီက သိရပါတယ်။

အချုပ်သား ၅ ဦးဟာ ဇွန် ၂၄ ရက် ညပိုင်း မီးပြတ်ချိန်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဇွန် ၂၅ ရက်မှာတော့ YRA အဖွဲ့ထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

YRA-ထီးလင်း ပြန်ကြားရေးတာဝန်ခံက “၃ ယောက်က အုပ်စုလိုက် အဖမ်းခံရတာ၊ ကျန် ၂ ယောက်ကတော့ တယောက်စီ အဖမ်းခံရတာပါ။ အချုပ်ထဲမှာ ၈ လလောက် ကြာခဲ့တယ်။ ၂၄ ရက်နေ့ည မီးပြတ်တဲ့အချိန်မှာ အချုပ်ခန်းတံခါး သော့မခတ်ထားလို့ ထွက်ပြေးလွတ်မြောက်လာတာပါ” လို့ ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူ ၅ ဦးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း စစ်ကြောင်းထိုးစဉ်က ဖမ်းဆီးခံထားရတဲ့ အသက် ၂၂ နှစ်နဲ့ အသက် ၄၀ အကြား အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

“အချုပ်ထဲမှာ ချခံထားရတာ၊ အချုပ်ထဲမှာ ခြောက်ပေါက်ထပ်ခတ်တယ်၊ နှိက်စက်တယ်၊ တလလောက်အထိ ထမင်းမစားနိုင်အောင် မေးရိုးတွေကျိုးအောင် ရိုက်တယ်၊ ထိုးတာ နှိပ်စက်တာတွေလည်း ခံခဲ့ရတယ်” လို့ ဆက်ပြောပါတယ်။

လွတ်မြောက်လာတဲ့ အမျိုးသား ၅ ဦးဟာ ကျန်းမာရေးချို့ယွင်းနေပြီး ဆေးကုသမှုပြုလုပ်ကာ မိသားစုထံ ပြန်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013