Home
မြန်မာသတင်း
သာယာဝတီထောင်တွင် တိုက်ပိတ်ကလွတ်ရန် နိုင်ကျဉ်းများထံမှ ငွေကြေးတောင်းခံ
DVB
·
June 26, 2024

ပဲခူးတိုင်း၊ သာယာ၀တီအကျဉ်းထောင်မှာ ခြေချင်းခတ် တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဆီကနေ ထောင်အာဏာပိုင်တွေက ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက  ပြောပါတယ်။

သာယာ၀တီအကျဥ်းထောင်မှာ ဇွန် ၁၁ ရက်က နှလုံးရောဂါပြင်းထန်နေတဲ့ နိုင်ငံရေး အကျဥ်းသားတယောက်ကို ကိုဗစ်ဆေးထိုးဖို့လုပ်ရာမှာ အကျဥ်းသားက သူရောဂါရှိတာကြောင့် ထိုးလို့မရကြောင်းငြင်းဆိုတာကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုရိုက်နှက်တာကို ၀င်ရောက်တားဆီးတဲ့ နိုင်ငံရေးအကျဥ်း ၂ ယောက်နဲ့အတူ သူတို့ ၃ ယောက်ကို အဲ့ဒီနေ့ကတည်းက သံခြေခြင်းဒေါက်ထည့် တိုက်ပိတ်ထားပြီး လွတ်မြောက်ဖို့အတွက် မိသားစုတွေဆီကို တယောက် ကျပ် ၃ သိန်း ၆ သောင်းစီ  တောင်းခံနေတာလို့ အခုရက်ပိုင်းအတွင်း ထောင်ကလွတ်လာသူတဦးက ပြောပါတယ်။

“ပထမက ဦးတင်ဦး သေဆုံးသွားတာကို အဆောင်ထဲမှာ အကျဥ်းချုံး ၀မ်းနည်းခြင်း အထိမ်းအမှတ်လုပ်မလို့ဟာကို ထောင်က သိသွားတယ်ထင်တယ်။ အားလုံးကို ကိုဗစ်ဆေး ထိုးရမယ်ဆိုပြီး အကြောင်းပြပြီး လူတွေကိုခွဲထုတ်ပြီး အဆောင်မှာ အလုပ်ရှုပ်အောင် လုပ်တာ။ ပြီးတော့ ချစ်‌ဝေထွန်းကို ကိုဗစ်ဆေးထိုးလို့မရဘူး၊ သူက ခပ်ပျော့ပျော့ရှိတာ နှလုံးရောဂါသမား၊ အဲဒါကို သူ့ကို လာခေါ်ထုတ်တော့ ဝိုင်းပြောကြတာပေါ့။ သူက ကိုဗစ်ဆေး ထိုးလို့မရဘူး ဆိုတာကို အတင်းဆွဲထုတ်နေလို့ ၀ိုင်းပြီး ဆွဲကြတာ။ အဲဒါကို ၀န်ထမ်းတွေက ၀ိုင်းရိုက်တာ အလိုလိုမှ နှလုံးမကောင်းတာ ဆေးလည်း ထောင်ကပေးတာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် အဆင်ပြေသလို နေနေရတာကို အခုမှ ဆေးထိုးပေးမယ်ဆိုပြီး လာလုပ်နေတာ။ ထောင်မှာရှိတာက ကိုဗစ်ဆေးပဲရှိတာ၊ အဲဒါ မထိုးဘူးလို့ပြောတော့လည်း ကိုဗစ်ဆေး မဟုတ်ဘူးဆိုတော့ ဘာဆေးတွေ ထိုးပေးမှာလဲ မသိတော့ မလိုက်ဘူးငြင်းလို့ဆိုပြီး ရိုက်တာ။ အဲဒီမှာ ၀ိုင်းဆွဲတဲ့သူတွေကိုပါ ရိုက်ပြီး နောက်ဆုံး ချစ်‌ဝေထွန်းနဲ့ ဆွဲတဲ့အထဲက သက်ပိုင်နဲ့ ထူးအောင်ကိုပါ ခေါ်သွားပြီး ဒေါက်ထည့်ပြီး တိုက်ပိတ်ထားလိုက်တာ အဲဒီရက်ကတည်းကပဲ” လို့ ပြောပါတယ်။

သာယာ၀တီထောင်ထဲမှာ  တိုက်ပိတ်ထားသူတွေ အရေအတွက်ကိုတော့ အတိအကျ မသိရသေး ပါဘူး။

ဒါပေမဲ့  ဇွန် ၁၁ ရက်က တိုက်ပိတ်ခံရသူတွေကိုတော့ ပြန်လွှတ်ပေးဖို့အတွက် တယောက်ကို ၃ သိန်းစီ ထောင်ဝန်ထမ်းတွေက အိမ်တွေကို စာပို့ပြီး တောင်းတာကြောင့် ပေးလိုက်ကြရပေမဲ့ သူတို့တတွေ တကယ် တိုက်ပိတ်က လွတ်၊ မလွတ်ကို မိသားစုဝင်တွေက သိချင်နေကြပါတယ်။

မကြာခင်ကမှ ထောင်ကလွတ်လာသူ နိုင်ငံရေးအကျဉ်းသားတယောက်ကတော့ တိုက်ပိတ်ထားသူတွေကို ကျင်းတခုထဲထည့်ပြီး ရေနှစ်ပြီး ရိုက်နှက်စစ်ဆေးကြောင်း ပြောပါတယ်။

“သူတို့ကို အဆောင်ကနေခေါ်သွားပြီး တနေကုန် ကျင်းထဲကို ရေဆိုးတွေ၊ မိလ္လာရည်တွေနဲ့ ရောထားတဲ့ ရေမည်းမည်းတွေထဲမှာ ခေါင်းကိုနှစ်လိုက် ပြန်ထုတ်ပြီးရိုက်လိုက်နဲ့ တနေကုန် စစ်တာ။ ဘာများ စစ်စရာရှိလို့လဲ၊ ဆေးမထိုးဘဲ ငြင်းတာနဲ့ ၀ိုင်းဆွဲတာကို ဘာစစ်စရာရှိလို့လဲ။ တနေကုန် ရိုက်ပြီးတော့မှ ဒေါက်ထည့်ပြီး တိုက်ပိတ်လိုက်တာ။ အခုတယောက်ကို ၃ သိန်းစီ အိမ်တွေကို တောင်းတော့ အိမ်တွေက ပေးလိုက်ပြီတဲ့။ ၃ သိန်းအပြင် သွင်းခ၊ ငွေလွှဲခ တွေနဲ့ဆိုရင် ၃ သိန်း ၆ သောင်း လွှဲပေးလိုက်ရတယ်။ မိသားစုတွေက အဆင်ပြေကြတာ မဟုတ်ဘူး၊ ပေးသာပေးလိုက်ရတာ တကယ်လွှတ်မပေးရင် ဘယ်လိုလုပ်မလဲ။ ပိုက်ဆံကလည်း တကယ်လွှတ်ပေးမယ့်သူဆီကို ရောက်၊ မရောက်ကလည်း မသိရဘူး။ အခုဟာက ထောင်ပိုင်တွေ မသိလောက်ဘူး၊ အောက်က ၀န်ထမ်းတွေ လုပ်စားနေတာ ငွေကုန်ပြီးမလွတ်မှာစိုးလို့။” 

ကိုဗစ်ကာလ တလျှောက်လုံးမှာ ထောင်ဝင်စာ မတွေ့ရတာကြောင့် ထောင်ထဲကနေ  နိုင်ငံရေး အကျဉ်းသားတဦးက  အမေဖြစ်တဲ့သူဆီကို ဆေးကုဖို့ နဲ့ စားသောက်ဖို့အတွက် လိုအပ်လို့ဆိုပြီး ထောင်၀န်ထမ်းကနေ အကြိမ်ကြိမ် တောင်းခံခဲ့တာ တနှစ်အတွင်းမှာပဲ သိန်း ၅၀ ကျော်လောက်အထိ ပို့ပေးခဲ့ရပါတယ်လို့ ဆိုပါတယ်။

နောက်ပိုင်း ထောင်၀င်စာ ပြန်ပို့ခွင့်ရပြီး မိခင်က သားဖြစ်သူကိုမေးကြည့်တော့ အဲ့ဒီငွေတွေ သူ မတောင်းခိုင်းသလို ရလည်းမရကြောင်း သိရခဲ့ရတာလို့ အကျဉ်းသားရဲ့ မိခင်က ပြောပါတယ်၊၊ 

အခုကိစ္စနဲ့ပတ်သတ်ပြီး သာယာ၀တီထောင်ပိုင်ရုံးကို DVB က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။ 

မင်းညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024