တောင်ကိုရီးယားနဲ့ ဂျပန်ဘဏ္ဍာရေးဝန်ကြီးတွေဟာ ဆိုးလ်မှာ ဇွန် ၂၅ ရက်က ၂ နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ လုပ်ခဲ့ပြီး သူတို့ရဲ့ ငွေကြေးတန်ဖိုးတွေ သိသိသာသာ ကျဆင်းနေမှုကြောင့် လေးနက်တဲ့ စိုးရိမ်မှုတွေကို မျှဝေခဲ့ကြကာ ဝမ်နဲ့ ယန်း ငွေကြေးတွေကိုကာကွယ်ဖို့ လိုအပ်တဲ့ အဆင့်တိုင်းကို စတင်လုပ်ဆောင်တော့မယ်လို့ ကတိပြုခဲ့ကြပါတယ်။
အင်္ဂါနေ့ အစည်းအဝေးဟာ ဧပြီလက ဝါရှင်တန်ဒီစီမှာ ဘဏ္ဍာရေးအကြီးအကဲတွေရဲ့ ၃ နိုင်ငံ အစည်းအဝေးရဲ့ နောက်ဆက်တွဲဖြစ်ပြီး အာရှဝန်ကြီး ၂ ဦးရဲ့ ငွေကြေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ပတ်သက်တဲ့ တွေ့ဆုံမှုကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလန်က အသိအမှတ် ပြုခဲ့ပါတယ်။
၇ နှစ်ကြာ ရပ်ဆိုင်းထားခဲ့ပြီးနောက် မနှစ်ကမှ ပြန်စတင်ခဲ့တဲ့ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဟာ တည်တည်ငြိမ်ငြိမ် တိုးတက်နေတယ်လို့ ယုံကြည်ထားကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး ရှုနိချိ ဆူဇူကီးက ပြောပါတယ်။
တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ချွဲဆန်းမိုကလည်း ၂ နိုင်ငံဟာ ပိုနီးကပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်လာခဲ့ပြီး မနှစ်တုန်းက ငွေကြေးလဲလှယ်မှု ပြန်လည်စတင်ခဲ့ကြောင်းနဲ့ ငွေကြေးဈေးကွက်ဟာ အရှိန်အဟုန်နဲ့ မတည်ငြိမ်မှု ဖြစ်တာကိုလည်း မျှဝေခံစားပြီး အချင်းချင်း ခိုင်မာတဲ့ ပံ့ပိုးကူညီမှုတွေ ပေးခဲ့တယ်လို့ ပြောကြားပါတယ်။
၂ နိုင်ငံ ဝန်ကြီးတွေဟာ တိုးတက်မှု၊ တည်ငြိမ်တဲ့ စီးပွားရေးတိုးတက်မှုနဲ့ ငွေကြေးဈေးကွက် တည်ငြိမ်မှုရှိစေဖို့အတွက် မြန်ဆန်တဲ့ မူဝါဒဆိုင်ရာ တုံ့ပြန်မှုတွေကို လိုအပ်ကြောင်း သဘောတူညီခဲ့ကြတယ်လို့လည်း တောင်ကိုရီးယားရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုင်ငံတကာရေးရာ ဒုတိယဝန်ကြီး ချွဲဂျီယောင်းက ပြောပါတယ်။
နှစ်ဖက် တွေ့ဆုံပွဲမှ မှတ်ချက်တွေကို ဈေးကွက်မှာ ပါဝင်သူတွေက အနီးကပ်စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။
ယန်းငွေတန်ဖိုးဟာ ၁ ဒေါ်လာကို ၁၆၀ နီးပါး ရောက်ရှိနေပြီး ဒါဟာ ဂျပန်အာဏာပိုင်တွေက အခုနှစ်အစောပိုင်းမှာ ငွေကြေးကို မြှင့်တင်ဖို့ ကြားဝင်ဆောင်ရွက်ပေးခဲ့ရပါတယ်။
ဝမ်ငွေကတော့ အခုနှစ်မှာ ဒေါ်လာနဲ့ယှဉ်ရင် ၇ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပေမဲ့ အခုသီတင်းပတ်မှာ တဒေါ်လာကို ၁,၄၀၀ နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။
Source-Reuters