ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ လာရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၃၁ ဦး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ကာယကံရှင် အလုပ်သမားတွေနဲ့ ကူညီပေးသူတွေက ပြောပါတယ်။
မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ၊ နခွန်ပထုံမြို့ရှိ Piumsup Enterprise ကုမ္ပဏီ (ကြက်သားစက်ရုံ) မှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံမှ Pyae Phyo Zan ကုမ္ပဏီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ကာယကံရှင် အလုပ်သမားတဦးက “ကျနော်တို့ကို စာချုပ်မှာပါတဲ့ ကြက်သားစက်ရုံမှာ တလကျော် အလုပ်မလုပ်ဘဲ နေရတယ်။ အလုပ်သင်ဆိုပြီး တရက် နှစ်ရက်ပဲ အလုပ်ပေးဆင်းတယ်။ နောက်တော့ သူဌေးက ကျနော်တို့ကို ဆာလာပူလီမြို့မှာရှိတဲ့ ကြက်သားစက်ရုံကို ထပ်ပို့ပေးတယ်” လို့ ပြောပါတယ်။
မြန်မာအလုပ်သမားတွေဟာ နောက်ထပ်ရောက်ရှိတဲ့ ထိုင်းနိုင်ငံ၊ ဆာလာပူလီမြို့ရှိ ကြက်သားစက်ရုံမှာ ၂ လနီးပါး အလုပ်လုပ်ခဲ့ပေမဲ့ လုပ်အားခမရရှိတဲ့အပြင် အလုပ်သမား အခွင့်အရေးပါ ချိုးဖောက်ခံနေရတယ်လို့ ကာယကံရှင် အလုပ်သမား နောက်တဦးက ပြောပါတယ်။
အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) မှ ကိုမုန်တိုင်းက “ဒီနေ့မှာပဲ ကျနော်တို့ဆီ လာတိုင်တဲ့ အလုပ်သမား ၂ ဦးကို သူဌေးက အလုပ်ထုတ်လိုက်တယ်။ အခုအခြေအနေတော့ ကျနော်တို့ဘက်က လုပ်ခလစာအပြည့်ရဖို့နဲ့ ထုတ်လိုက်တဲ့အလုပ်သမားကို လျော်ကြေးပေးဖို့ ဆောင်ရွက်နေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ပထမပတ်က အဆိုပါသူဌေးဟာ ထိုင်းနိုင်ငံ၊ နကော့မထုမ်မြို့ ကြက်သားရုံမှာ မြန်မာအလုပ်သမား ၈ ဦးကို လုပ်အားခ ၂ လစာ မပေးတဲ့အပြင် အလုပ်သမား အခွင့်အရေး ချိုးဖောက်တာကြောင့် တရားရင်ဆိုင်နေရတယ်လို့ WAG အဖွဲ့ကနေ သိရပါတယ်။
မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေ အနေနဲ့ အာမခံမှုရှိပြီး ယုံကြည်စိတ်ချရတဲ့ အေဂျင်စီနဲ့ စာချုပ်ချုပ်ပြီး လာရောက်အလုပ်လုပ်ကိုင်ကြဖို့ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) က တိုက်တွန်းထားပါတယ်။