မန္တလေးတိုင်း၊ အိုးဘိုထောင်မှာရှိတဲ့ အကျဥ်းဦးစီးဝန်ထမ်းတွေက နိုင်ငံရေး အကျဉ်းသား တဦးဖြစ်တဲ့ ကိုထက်ရန်နိုင်ကို ဝိုင်းဝန်းရိုက်နှက်ကြပြီး အချိန်မီ ဆေးကုသမှု မပေးတာကြောင့် ကျဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက်ကနေ သိရပါတယ်။
အိုးဘိုထောင်မှာ ဇွန် ၂၀ ရက် မနက်က အကျဥ်းထောင်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့ အခန်းစာရေး တခြားအကျဥ်းသားကို ကိုထက်ရန်နိုင်က အကျဥ်းထောင်ဝန်ထမ်းတွေဆီ တိုင်ကြားဖို့ လုပ်ခဲ့ပေမဲ့ အခန်းလူကြီးရဲ့ ဖျောင်းဖျမှုကြောင့် မတိုင်ကြားခဲ့ဘူးလို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်မှု လုပ်နေတဲ့ အခန်းစာရေးက ကိုထက်ရန်နိုင် အပေါ် မကျေနပ်ဘဲ အကျဥ်းထောင် ဒုအဆောင်မှူး တပ်ကြပ် ကိုဇေယျာအောင်ဆီမှာ လိမ်လည်တိုင်ကြားခဲ့လို့ နိုင်ကျဥ်း ကိုထက်ရန်နိုင် ခေါ်ယူရိုက်နှက်ခံရတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်က “သူတို့ရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ မူးယစ်ဆေးရောင်းတဲ့သူက အကျဥ်းဦးစီးကို ပြန်သွားတိုင်တယ်။ ဒီနိုင်ကျဥ်းက သူတို့ကို ပြဿနာရှာနေတယ်ဆိုတဲ့ ပုံမျိုးနဲ့ပေါ့။ အကျဥ်းဝန်ထမ်းကလည်း သူတို့လူပြောတာကိုပဲ ယုံပြီး ကိုထက်ရန်နိုင်ကို ရိုက်တယ်။ တိုက်ပိတ်မယ်၊ ဒေါက်ခတ်မယ်ဆိုပြီး Main Jail ကို ခေါ်သွားတယ်။ Main Jail မှာ အသင့်ရှိနေတဲ့သူတွေကလည်း ကိုထက်ရန်နိုင်ကို ဝါးဆစ်တုတ်တွေ၊ ရာဘာတုတ်၊ သံတုတ်တွေနဲ့ ရိုက်နှက်ခဲ့တယ်။ အော်ဟစ်အကူအညီတောင်းခံပြီးမှ လွတ်မြောက်ဖို့ ကြိုးစားတယ်။ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ အကျဥ်းထောင်နံရံလေးဘက်ရဲ့ အပြင်ကို မကျော်သွားနိုင်ဘူးပေါ့။ အကျဥ်းထောင်အပြင်က ပြည်သူတွေလည်း မသိနိုင်ဘူးပေါ့နော်။ ပြီးတော့ သူထွက်ပြေးရမလားဆိုပြီး သူ့ကို တွေ့တဲ့နေရာမှာ ထပ်ရိုက်နှက်ခဲ့တယ်။”
ရိုက်နှက်နှိပ်စက်မှုများစွာကို ခံခဲ့ရတဲ့ ကိုထက်ရန်နိုင်က ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ ညိုမဲပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီး သတိလွတ်ကာ ကယောင်ကတမ်းဖြစ်တဲ့အတွက် အကျဥ်းထောင် ဆေးရုံဝန်းထဲက အရူးထောင်မှာ တိုက်ပိတ်ခဲ့တယ်လို့ ဆိုပါတယ်။
နေ့လယ် ၁ နာရီကျော်မှသာ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တာကြောင့် နိုင်ငံရေးအကျဥ်းသား ကိုထက်ရန်နိုင်က ဆေးရုံမှာ ကျဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။
“အကျဥ်းထောင်တွေက နိုင်ငံရေးအကျဥ်းသားတွေအပေါ်မှာဆိုရင် ပိုပြီး ဖိနှိပ်မှုတွေ လုပ်တယ်။ တရားမျှတမှုမရှိဘူး။ ဒါက မဖြစ်သင့်ဘူး။”
ကိုထက်ရန်နိုင်က ရာဇသတ်ကြီးပုဒ်မ ၅၂(က) နဲ့ စစ်ကိုင်းတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ် ကျခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၆,၀၀၀ ကျော်အထိ ရှိနေပြီး ထောင်တွင်းအကြမ်းဖက်ခံရမှုတွေ၊ နှိပ်စက်ခံရမှုတွေကို ရင်ဆိုင်နေရတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။