တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျန်းစုပြည်နယ်၊ စူးကျိုးမြို့မှာ ဇွန် ၂၄ ရက်က ဓားကိုင်ဆောင်ထားတဲ့ အမျိုးသားတဦးဟာ ဂျပန်စာသင်ကျောင်းတကျောင်းရဲ့ ဘတ်စ်ကားကို တိုက်ခိုက်ခဲ့တာကြောင့် ၃ ဦး ဒဏ်ရာရသွား ပါတယ်။
ဒီတိုက်ခိုက်မှုမှာ တရုတ်အမျိုးသမီးတဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဂျပန်အမျိုးသမီးတဦးနဲ့ သူ့ရဲ့ ကလေးတဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ရှန်ဟိုင်းရှိ ဂျပန်ကောင်စစ်ဝန်ရုံး တာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စူးကျိုးမြို့ ဘတ်စ်ကားအနီး မြေပြင်မှာ လူတယောက် လဲကျနေတဲ့အနားမှာ လူတွေ ဝိုင်းအုံနေတာကို မျက်မြင်သက်သေတွေရဲ့ ဗီဒီယိုတွေမှာ တွေ့မြင်ရပါတယ်။
တိုက်ခိုက်မှုအပြီး အခင်းဖြစ်ပွားတဲ့နေရာမှာပဲ အသက် ၅၀ အရွယ်ရှိ အလုပ်လက်မဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူ့ကို စုံစမ်းစစ်ဆေးနေကြောင်း စူးကျိုး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီတိုက်ခိုက်မှုဟာ သီးခြားဖြစ်ရပ်တခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံမှာမဆို ဖြစ်ပွားနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဇွန် ၂၅ ရက်မှာ ပြောပါတယ်။
“ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းက စူးကျိုးမြို့မှာ နေထိုင်တဲ့ ဂျပန်နိုင်ငံသား ၂ ဦး တိုက်ခိုက်ခံရပြီး တရုတ်နိုင်ငံသား ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ပြီး အချိန်မီ ကုသမှု ခံယူခဲ့စေခဲ့ရာမှာ လက်ရှိမှာ ဂျပန်နိုင်ငံသား ၂ ဦးတို့ဟာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်းနဲ့ အပြင်းထန်ဆုံး ဒဏ်ရာရရှိခဲ့တဲ့ တရုတ်နိုင်ငံသားကို ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း” မော်နင်းက ပြောပါတယ်။
တိုက်ခိုက်သူကိုလည်း ဖမ်းမိထားပြီး ဒီအမှုကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ဆိုပါတယ်။
ဒီဖြစ်ရပ်အတွက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံရှိ နိုင်ငံခြားသားအားလုံးရဲ့ လုံခြုံရေးကို ဆက်ပြီး ကာကွယ်ပေးသွားမှာဖြစ်ကြောင်းလည်း မော်နင်းက ပြောပါတယ်။
Source-Reuters