Home
မြန်မာသတင်း
ရန်ကုန်က ကုန်တိုက်နှင့် ဈေးဝယ်စင်တာများတွင် ဆန်အရောင်း အကန့်အသတ်မရှိပိတ် 
DVB
·
June 26, 2024

စစ်ကောင်စီသတ်မှတ်လိုက်တဲ့ ရည်ညွှန်းဈေးတွေနဲ့ အပြင်အရောင်းဈေး ကွာခြားချက်တွေကြောင့် ရန်ကုန်က ဈေးဝယ်စင်တာတွေ၊ ကုန်တိုက်နဲ့ လက်ကားဆိုင်ကြီးတချို့မှာ ဆန်အရောင်းတွေ အကန့်မသတ်မရှိ ပိတ်ထားတယ်လို့ ကုန်တိုက် ဝန်ထမ်းတွေနဲ့ ပြည်သူတွေက ဆီကနေ သိရပါတယ်။

စစ်ကောင်စီက ကုန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ ဆန်နဲ့ စားသုံးဆီတွေကို ရည်ညွန်းဈေး သတ်မှတ်ပေးလိုက်တဲ့နောက်မှာ ပြင်ပပေါက်ဈေးနဲ့ ကွာခြားချက် မြင့်မားနေတာကြောင့် ဆန်အရောင်းကို အကန့်မသတ်မရှိ ရပ်ထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ဆန်စပါးဈေးတွေ အဆမတန်မြင့်တက်လာတာကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေကို ခေါ်ယူမေးမြန်းစစ်ဆေးတာတွေ လုပ်ပြီးနောက် ဇွန် ၂၄ ရက်မှာ ရည်ညွှန်းဈေးသတ်မှတ်လိုက်တာပါ။

ဆန်စပါးအသင်းချုပ်ရဲ့ ရည်ညွှန်းသတ်မှတ်ဈေးက ပြင်ပပေါက်ဈေးနဲ့ ကွာခြားနေတာက စားသုံးသူတွေ အရည်အသွေးနောက်ကို လိုက်လာကြတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆန်စပါးလုပ်ငန်းရှင်တဦးက ရှင်းပြပါတယ်။

“ဆန်တပြည်ကို ကျပ် ၈၅၀၀၊ အဲ့ဒါက ဘယ်မှာ သွားပြဿနာတက်နေလဲဆိုတော့ ရွှေဘိုဆန်မှာ။ ရွှေဘိုက သူက ပါကင်နဲ့ ဆန်အရည်အသွေးကို အပြိုင်အဆိုင်ထုတ်ကြတာပေါ့။ ဆန်တပြည်ကို ၁၀၀ ကွာရင် ဆန်တအိတ်ကို ကျပ် ၂၄၀၀ ကွာမယ်။ တပြည်ကို ၅၀၀ ကွာရင်  ၂၄ ပြည်ဆိုရင် ၁၀,၀၀၀ ကျော်သွားရော။ အဲတာ ဆန်တအိတ်ကို ၅,၀၀၀ များနေတယ်၊ ၁၀,၀၀၀ များနေတယ်ဆိုတာ သူတို့က ၂၀၀၊ ၃၀၀၊  ၅၀၀ မကြည့်ဘူး၊ ၂၀၀၊ ၃၀၀၊ ၅၀၀ ဆိုတာ ဘာမှမရဘူးလေ အပြင်မှာ အဲဒီတော့ ကောင်းတဲ့ဆန်ပဲ ရွေးစားတာပေါ့။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ အရင်က ကောင်းတဲ့ဆန်က ဝယ်သူနည်းပြီး အခုကျ ဝယ်သူများတယ်၊ နောက် စပါးဈေး ကျပ်သိန်း ၃၀ ပေါက်တယ်ဆိုထားပါတယ်။ ထမင်းတော်တော်ကောင်းတဲ့ ဆန်ဆို သူက ကျပ် ၃၅ သိန်းပစ်ပေးတာ ပေးနိုင်တာ။ အဲဒီလိုကြောင့်လည်း စပါးဈေးတက်တဲ့ အချက်တွေပါတယ်။ အရည်အသွေးနောက်ကို လိုက်ကြတာပေါ့။”

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က  ထုတ်ပြန်ထားတဲ့ ဇွန်လအတွက် သင့်တင့်မျှတတဲ့  ဆန်ဈေး နှုန်းတွေက ဧည့်မထအုပ်စုမှာ ဆန်ကွဲပါဝင်မှုကို တွက်ချက်ပြီး ကျပ် ၇၀,၀၀၀ ကနေ ၇၈,၀၀၀ ထိ သတ်မှတ်ထားပြီး ဧရာဝတီပေါ်ဆန်း ရွှေဘိုပေါ်ဆန်းနဲ့ တခြားပေါ်ဆန်း ဆန်တအိတ် တသိန်းကနေ ၁၄၅,၀၀၀ ကျပ်နဲ့ စသဖြင့် အမျိုးအစားအမျိုးမျိုးတို့ကို ရည်ညွှန်းဈေး သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ 

လက်ရှိပြင်ပဈေးကွက်ထဲမှာတော့ ရွှေဘိုပေါ်ဆန်း ဆန်အဟောင်း (အကောင်းစား) တအိတ်က ကျပ် ၁၉၀.၀၀၀ ကျော်ရှိနေပြီး အလတ်တန်းစား ရွှေဘိုပေါ်ဆန်း တအိတ်ကို ၁၆၀,၀၀၀ ကျပ်နဲ့ ဧည့်မထ ဆန်ကြမ်း တအိတ်က ကျပ် ၁၀၀,၀၀၀ ဝန်းကျင်ထိ ပေါက်ဈေးရှိနေတာပါ။

ဈေးဝယ်ကုန်တိုက်တွေနဲ့ လက်ကားဆိုင်ကြီးတွေကတော့ ရည်ညွှန်းဈေးတွေအတိုင်း ရောင်းချပေးဖို့ အခက်အခဲတွေ ရှိနေပေမဲ့ ပြည်သူတွေကတော့ ရပ်ကွက်နဲ့ ဈေးတွေထဲက လက်လီဆိုင်တွေကနေပဲ အလွယ်တကူ ဝယ်ယူစားသုံးလို့ရနေတယ်လို့ သိရပါတယ်။

ဆန်ဈေးတွေကတော့ တရက်နဲ့ တရက် မတူဘဲ ဈေးအနည်းငယ်တက်လာတယ်လို့ သင်္ဃန်းကျွန်းမြို့နေ အိမ်ရှင်မတယောက်က ပြောပါတယ်။

“အခုလောလောဆယ် ရပ်ကွက်ထဲမှာတော့ ဝယ်လို့ရနေသေးတယ်။ ဈေးက အများကြီးတော့ မတက်ဘူး ၂၀၀၀ လောက်တော့ တက်တယ်။ ဆန်ဆိုင်ကြီးမှာတော့ ဆန်အရောင်းအဝယ်တွေ ရပ်ထားတယ်လို့ ပြောသံကြားတယ်။ အပြင်ဘက်ဆိုင်တွေ ဆန်တွေဘာတွေ အရောင်းပိတ်ထားတယ်ပေါ့။ ဒီရပ်ကွက်ထဲမှာတော့ ဝယ်လို့ရ‌တယ်၊ သိပ်တော့ ဈေးက မကွာသေးဘူး။ ဒါပေမဲ့ ဒီနေ့နဲ့ မနက်ဖန်ဆို ဈေးက ကွာရင်ကွာမလား မပြောတတ်ဘူး။”

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း နဲ့ ဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ကို ဇူလိုင် ၁ ရက်က စတင်ပြီး ပေါ်ဆန်းမွှေးဆန်တွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ အိမ်အရောက်ပို့ဆောင်ပေးမယ်လို့  ဇွန် ၂၅ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါသေးတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013