ကိုရီးယားစစ်ပွဲ စတင်ခြင်း ၇၄ နှစ်မြောက် အထိမ်းအမှတ်အဖြစ် မြောက်ကိုးရီးယား ပြည်သူတွေဟာ ဇွန် ၂၅ ရက်က ပြုံယမ်းရှိ မေဒေး အားကစားကွင်းထဲမှာ လူထုစုဝေးပွဲတရပ် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ တရားဝင် သတင်းအေဂျင်စီ KCNA က ပေးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ မေဒေး အားကစားကွင်းထဲမှာ မိန့်ခွန်းနားထောင်နေပြီး ဗီဒီယိုကြည့်နေကြတဲ့လူတွေနဲ့ ပြည့်ကျပ်နေတာကို မြင်တွေ့ရပါတယ်။
ဒီနှစ်ပတ်လည်နေ့ အထိမ်းအမှတ် လူထုစုဝေးပွဲကို နိုင်ငံတော်အေဂျင်စီတွေက တာဝန်ရှိသူတွေ၊ အလုပ်သမားတွေနဲ့ ကျောင်းသားတွေ အပါအဝင် လူပေါင်း ၁ သိန်းလောက် တက်ရောက်လာခဲ့ကြတယ်လို့ KCNA က ပြောပါတယ်။
အားကစားကွင်းထဲမှာလည်း “ထာဝရရန်သူ အမေရိကန်ကျူးကျော်သူတွေကို ချေမှုန်းကြ”၊ “အမေရိကန်ကို အဆတရာ လက်တုံ့ပြန်ကြပါစို့” စသဖြင့် အမေရိကန်ပြည်ထောင်စုကို ရှုတ်ချထားတဲ့ စာတန်းတွေကိုလည်း ချိတ်ဆွဲထားပါတယ်။
ဒီနှစ်ပတ်လည်နေ့ကိုလည်း “အမေရိကန် နယ်ချဲ့ဝါဒကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့နေ့” လို့ ခေါ်ဆိုလိုက်ပြီး အမေရိကန်ကို မဟာရန်သူတော်နိုင်ငံအဖြစ် တံဆိပ်တပ်လိုက်ပါတယ်။
အမေရိကန် နယ်ချဲ့ဝါဒနဲ့ သူ့မဟာမိတ်တွေဟာ အတိတ်မှာ သူတို့ရဲ့ ခါးသီးတဲ့အရှုံးကို မေ့လျော့ထားကြပြီးတော့ မြောက်ကိုရီးယားကို ဦးတည်ပြီး ထိပ်တိုက်ရင်ဆိုင်မှု လုပ်ရပ်တွေနဲ့ သူတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို ချိုးဖောက်တဲ့ စစ်ရေးလှုံ့ဆော်မှုတွေနဲ့အတူ ထိန်းမနိုင်သိမ်းမရ ရန်စနေတယ်လို့ ဒီစုဝေးပွဲမှာ ပါဝင်သူ အသက် ၃၈ နှစ်အရွယ် ချာကွမ်ဟျော့က ပြောပါတယ်။
သူတို့ဟာ မှားယွင်းလုပ်ဆောင်နေတာဖြစ်ပြီး မြောက်ကိုရီးယားပြည်သူတွေကတော့ ကိုယ့်အားကိုယ်ကိုး စစ်ရေးစွမ်းရည်တွေနဲ့ တစိတ်တဝမ်းတည်းသော စည်းလုံးညီညွတ်မှုနဲ့ ရန်သူတွေကို ချေမှုန်းပစ်မှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
မြောက်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံဟာ သူတို့ရဲ့ ၁၉၅၀- ၅၃ စစ်ပွဲမှာ သဘောတူစာချုပ် မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်ပွဲပြီးဆုံးသွားတာဖြစ်လို့ နည်းပညာပိုင်းအရ စစ်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
Source-Reuters