ပဲခူးမြို့၊ မယင်းကျေးရွာအဝင်မှာ ဇွန် ၂၅ ရက်၊ ညပိုင်းက ကြံတိုင်းအောင် ခရီးသည်တင် လိုင်းကားပေါ်ကနေ ကျောင်းဆရာမတဦး လွင့်စင်ပြုတ်ကျ သေဆုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဘုရားကြီးမြို့ဘက်မှ ပဲခူးမြို့ဘက်ကို ပြေးဆွဲတဲ့ ကြံတိုင်းအောင် (ဘုရားကြီး-အင်းတကော်) မော်တော်ယာဥ်မှာ မနေ့ ည ၆ နာရီကျော်က မယင်းကျေးရွာအဝင်လမ်းအရောက် အရှိန်နဲ့ ကွေ့ဝိုက်ခဲ့ရာက ယာဥ်ပေါ်စီးနင်းလာသူ အမျိုးသမီးတဦး သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ကားသမားက ရွာအဝင်လမ်းမှာ ရုတ်တရက် အရှိန်နဲ့ဝိုက်ပြီး ကွေ့ချလိုက်တော့ ဆရာမလေးက လွင့်ပြီးပြုတ်ကျတာပေါ့။ အောက်ကို ခေါင်းနဲ့ကျတာဖြစ်မယ်၊ ပွဲချင်းပြီးဆုံးတာ။ ခရီးသည်တွေရဲ့အသက်ကို တန်ဖိုးထားတဲ့အနေနဲ့ အရှိန်လျှော့ပြီး မောင်းပေးကြဖို့ ပြောချင်ပါတယ်။”
ဘုရားကြီးမြို့ဘက်မှ ပဲခူးမြို့ဘက်ကို ကြံတိုင်းအောင် (ဘုရားကြီး-အင်းတကော်) ပြေးဆွဲနေတဲ့ လူစီးယာဥ်လိုင်းမှ ယာဥ်မောင်း ရဲရင့်ဖြိုး မောင်းနှင်လာတဲ့ ယာဉ်အမှတ် BGO-11 9F/..... MAZADA SCRUM အမျိုးအစား၊ အဖြူရောင်ယာဉ်ပေါ်မှာ ရှေ့ခန်းက အမျိုးသားတဦး အပါအဝင် နောက်ခန်းမှာ အမျိုးသားတဦးနဲ့အတူ အသက် ၃၀ နှစ်အရွယ်ရှိ ကျောင်းဆရာမ ဒေါ်နွေးနွေးလင်းတို့ လိုက်ပါစီးနင်းခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူမှာ ပဲခူးမြို့နယ်၊ ပေပင်ချောင်ကျေးရွာအုပ်စု၊ ကင်းချောင်းကျေးရွာ အလယ်တန်းကျောင်းခွဲက လက်ထောက်မူလတန်းပြဆရာမတဦး ဖြစ်ကြောင်း သိရပါတယ်။
ယာဥ်ကို ပေါ့လျော့စွာမောင်းနှင်ရာက လူသေဆုံးခဲ့မှုကြောင့် ယာဥ်မောင်းဖြစ်သူကို အင်းတကော်ရဲစခန်းက ပေါ့လျော့ခြင်းဖြင့်သေစေမှု ပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။