တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားဟာ သူ့ရဲ့ ဒူးခေါင်းတွေအတွက် အမေရိကန်မှာ ဆေးကုဖို့ ဇွန် ၂၃ ရက်မှာ နယူးယောက်မြို့ကို ရောက်သွားပြီလို့ သူ့ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒလိုင်းလားမားကို နယူးယောက်မြို့လယ် မန်ဟက်တန်ရပ်ကွက်က သူတည်းမယ့် ဟိုတယ်အပြင်ဘက်မှာ ရိုးရာဝတ်ရုံတွေ၊ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်သူ အများအပြားက ကြိုဆိုခဲ့ကြပါတယ်။
ဒလိုင်းလားမားဟာ ၁၉၅၉ ခုနှစ်က တိဘက်မှာ တရုတ်အုပ်စိုးမှုကို ဆန့်ကျင်တဲ့ မအောင်မြင်တဲ့ လူထုအုံကြွမှုအပြီး အိန္ဒိယနိုင်ငံဆီ ထွက်ပြေးခဲ့လို့ သူ့ကို အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားအဖြစ် တရုတ်ပြည်မကြီးအစိုးရက သတ်မှတ်ထားပါတယ်။
ဒလိုင်းလားမားက တခြားနိုင်ငံက အရာရှိတွေနဲ့ ဆက်ဆံရင်လည်း တရုတ်အရာရှိတွေက ဝေဖန်ရှုတ်ချကြပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒလိုင်လားမားဟာ ဝေးလံခေါင်ဖျား တောင်တန်းဒေသမှာ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးကူညီမှုရဖို့ ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့ပါတယ်။
သူ့ရဲ့ အရင်က အမေရိကန်ခရီးစဉ်တွေအတွင်း အမေရိကန်သမ္မတတွေ အပါအဝင် အမေရိကန် အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပေမဲ့ အခု ဇွန်လ ခရီးစဉ်အတွက် ဘယ်သူနဲ့တွေ့မလဲ ဆိုတာကို အမေရိကန်အစိုးရက မကြေညာဘဲ ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီ ပေလိုစီ အပါအဝင် အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာတောင်တန်းပေါ်က ဒါရမ်ဆာလာမြို့မှာရှိတဲ့ ဒလိုင်းလားမားရဲ့ကျောင်းဆီ လာရောက်ပြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ သမ္မတဖြစ်လာပြီးတည်းက ဂျိုးဘိုင်ဒင်ဟာ ဒလိုင်းလားမားနဲ့ မတွေ့ရသေးပါဘူး။
တိဘက်ဘာသာရေးခေါင်းဆောင်နဲ့ မတွေ့တဲ့ စကားမပြောတဲ့ ဆယ်စုနှစ် သုံးခုအတွင်း တဦးတည်းသော သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ပ်ကို ဘိုင်ဒင်က ၂၀၂၀ ခုနှစ်မှာ ဝေဖန်ခဲ့ဖူးပါတယ်။
ဒလိုင်းလားမားက ဘယ်နိုင်ငံမှာမဆို သူ့နာမည် ဒါမှမဟုတ် သူ့စွမ်းရည်နဲ့ လုပ်ဆောင်တဲ့ ဘယ်လို တရုတ်ခွဲထွက်ရေးလှုပ်ရှားမှုတွေကို မဆို၊ ဘယ်နိုင်ငံက တာဝန်ရှိသူနဲ့မဆို ထိတွေ့ဆက်ဆံမှုကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျိုဖန်းယူက ဇွန်လအစောပိုင်းမှာ ပြောခဲ့ပါတယ်။
Source-Reuters