ဥရောပသမဂ္ဂဝန်ကြီးတွေဟာ လက်ရှိ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ လူဇင်ဘာ့ဂ်မှာ လာမယ့် ဇွန် ၂၅ ရက်နေ့ကျရင် ယူကရိန်းနဲ့ မော်လ်ဒိုဗာတို့ အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုတွေကို တရားဝင် စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒါဟာ သမိုင်းဝင်ခြေလှမ်းတရပ်ဖြစ်ပြီး သန်းနဲ့ချီတဲ့ ယူကရိန်းပြည်သူတွေ၊ မျိုးဆက်တွေရဲ့ ဥရောပအိပ်မက် တကယ်ဖြစ်လာတော့မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
၂၀၂၂ မှာ ယူကရိန်းကို ရုရှား စတင်ကျူးကျော်ခဲ့ပြီးတဲ့နောက် အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂ (EU) ကို ဝင်ရောက်ဖို့ ယူကရိန်းက တရားဝင်လျှောက်ထားခဲ့ပြီး အိမ်နီးချင်း မော်လ်ဒိုဗာလည်း လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံဟောင်းနှစ်ခုရဲ့ လျှောက်ထားမှုအတွက် ကနဦး စတင်ဆွေးနွေးမှု အဆင့်သာ ရှိဦးမှာဖြစ်ပြီး အဖွဲ့ဝင်ဖြစ်လာဖို့ နှစ်နဲ့ချီတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမှာဖြစ်ပါတယ်။
EU ခေါင်းဆောင်တွေဟာ စစ်ဖြစ်နေဆဲ ယူကရိန်းနဲ့ အိမ်နီးချင်း မော်လ်ဒိုဗာတို့ကို အဖွဲ့ဝင်ဖြစ်ခွင့်ပေးဖို့အရေး ဆွေးနွေးဖို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ သဘောတူခဲ့တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံစလုံးဟာ ဆွေးနွေးမှုစတင်ဖို့ အခြေခံလိုအပ်ချက်အားလုံး ပြည့်မီတယ်လို့ EU တာဝန်ရှိသူတွေက အဖွဲ့ဝင်နိုင်ငံတွေကို အသိပေးထားပါတယ်။
ယူကရိန်းဟာ စစ်ဖြစ်နေတဲ့ကြားကနေ အဓိက ပြုပြင်ပြောင်းလဲရေးတွေ စတင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ယူကရိန်းအတွက် အဓိကကြုံရမယ့် အခက်အခဲဟာ EU အဖွဲ့ထဲမှာ ရုရှားနဲ့ အရင်းနှီးဆုံးဖြစ်တဲ့ ဟန်ဂေရီက ဇူလိုင်လကျရင် အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖြစ်လာမယ့်ကိစ္စပါ။
ဟန်ဂေရီရဲ့ ၆ လတာ ဥက္ကဋ္ဌသက်တမ်းအတွင်း ယူကရိန်းအဖွဲ့ဝင်ဖြစ်ဖို့ကိစ္စ မဆွေးနွေးဘူးလို့ ဟန်ဂေရီအစိုးရက ပြောထားပါတယ်။
Source-Reuters