Home
အနုပညာ
မြန်မာတွင် ကျင်းပမည့် ထိုင်းသီချင်းဆိုပြိုင်ပွဲ ဆုကြေးကန်ဒေါ်လာ ၃၅၀၀ ချီးမြှင့်မည် 
DVB
·
June 24, 2024

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ကြီးမှူးပြီးတော့ “T-Pop Star Challenge, Myanmar”  ထိုင်းသီချင်းဆိုပြိုင်ပွဲကို ပထမအကြိမ် ကျင်းပသွားဖို့ ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်က ရန်ကုန်မြို့ ဂျန်းရှင်းစီးတီး ဈေးဝယ်စင်တာမှာ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာမွန်ခွန်းဝိစစ္စတန်နဲ့ သံမှူးကြီး မစ္စတာရော့ရင်းစုဖာစီတို့ တက်ရောက်ခဲ့ကြသလို ပြိုင်ပွဲဒိုင်လူကြီးတွေထဲက တဦးအနေနဲ့ ပါဝင်မယ့် အဆိုတော် အုပ်စိုးခန့်ကလည်း တက်ရောက်ခဲ့တာပါ။

“T-Pop Star Challenge, Myanmar” သီချင်းဆိုပြိုင်ပွဲကတော့ ထိုင်းအစိုးရရဲ့ “နိုင်ငံခြားတိုင်းပြည်များတွင် ထိုင်းနိုင်ငံ၏ soft power ကို မြှင့်တင်ရမည်” ဆိုတဲ့ ပေါ်လစီနဲ့အညီ မြန်မာနိုင်ငံသားတွေအကြား ထိုင်းဂီတနဲ့ ထိုင်းဘာသာစကားကို စိတ်ဝင်စားမှုမြင့်မားလာစေဖို့ ရည်ရွယ်ကျင်းပတာလို့ ဆိုပါတယ်။

ဒီပရောဂျက်ကိုတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဖျော်ဖြေရေးကုမ္ပဏီတွေဖြစ်တဲ့ GMM Grammy နဲ့ GMMTV တို့က ကူညီပံ့ပိုးပေးထားပြီးတော့ ဆုရရှိသူဟာ ငွေသား အမေရိကန်ဒေါ်လာ ၃၅၀၀ နဲ့ ဆုတံဆိပ်ကို ရရှိမယ်လို့ ထိုင်းသံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ပြိုင်ပွဲဝင်လိုတွေအနေနဲ့ အသက် ၁၈ နှစ်နဲ့အထက် မြန်မာနိုင်ငံသား ဖြစ်ရမှာဖြစ်ကာ GMM group အောက်မှာ လိုင်စင်ရယူထားတဲ့ နှစ်သက်ရာတေးသီချင်းတပုဒ်ကို ရွေးချယ်ကာ မိမိအသံတသံတည်းနဲ့ သီဆိုကာ မျက်နှာလည်း ကြည်လင်ပြတ်သားစွာပါတဲ့ ဗီဒီယိုရိုက်ကူးကာ www.tpopstar.com ကို ဇွန် ၂၂ ရက်က စတင်ကာ လာမယ့် ဇူလိုင် ၃၁ ရက်နေ့အတွင်း တင်ပြရမယ်လို့ ဆိုပါတယ်။

အဲဒီထဲက ဆန်ခါတင်ပြိုင်ပွဲဝင် ၁၂ ဦးရဲ့ အမည်စာရင်းကိုတော့ ဩဂုတ် ၁၀ ရက်မှာ ကြေညာမှာဖြစ်ကာ ရန်ကုန်မြို့က ဂျန်းရှင်းစီးတီး ဈေးဝယ်စင်တာမှာ စက်တင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပြိုင်ပွဲတွေကို ကျင်းပသွားမယ်လို့ ပွဲစီစဉ်သူက  ဆိုပါတယ်။

အဆိုပါပြိုင်ပွဲစဉ်တွေမှာတော့ GMM Grammy နဲ့ GMMTV အောက်က ထိုင်းအနုပညာရှင်တွေနဲ့ မြန်မာအနုပညာရှင်တွေက အကဲဖြတ်ဒိုင်လူကြီးတွေနဲ့ အထူးဧည့်သည်တော်တွေအဖြစ် တက်ရောက်ကြမှာဖြစ်ပြီး T-Pop Star Challenge, Myanmar ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာ၊ ဖေ့စ်ဘွတ်ခ်နဲ့ ယူကျုဘ်အင်တာနက်စာမျက်နှာတွေကတဆင့် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013