Home
မြန်မာသတင်း
စစ်ကောင်စီက လင်းခေးခရိုင် မြို့နယ် ၄ ခုကို စစ်သင်တန်းပေးပြီး လက်နက်များ ထောက်ပံ့
DVB
·
June 24, 2024

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မြို့နယ် ၄ မြို့နယ်ရှိ ပြည်သူ့စစ်သင်တန်းဆင်း လူငယ်တွေကို အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်က ဇွန် ၂၁ ရက်မှာ လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ လင်းခေးတပ်နယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လင်းခေးခရိုင်အတွင်းမှာရှိတဲ့ လင်းခေ၊ မောက်မယ်၊ မိုးနဲ၊ မိုင်းပန် စတဲ့ မြို့နယ် ၄ မြို့နယ်က လူငယ်တွေကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က မေ ၁ ရက်ကစပြီး စစ်သင်တန်းပေးကာ ဇွန် ၂၁ ရက်မှာ သင်တန်းဆင်းပြီး လက်နက်တပ်ဆင်ပေးခဲ့တာလို့ လင်းခေးတပ်နယ်နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“ရှမ်းတောင်မှာ ပြည်သူ့စစ်သင်တန်းအတွက် မြို့နယ်တွေစုပြီး သင်တန်းပေးတာ လင်းခေးက အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ပါတာ၊ ဟိုပုံးဘက်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေထဲမှာ ပါတာ၊ အဲဒီဘက်မှာလည်း သင်တန်းပေးနေတာပဲ၊ လူငယ်တွေ အတော်များတယ်။”

စစ်ကောင်စီက လင်းခေးမြို့နယ် နားကုန်းကျေးရွာ အခြေစိုက်စခန်းမှာ မနေ့က ပြည်သူ့စစ် ၂၀၀ ကျော်ကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က သင်တန်းဆင်းပေးခဲ့တာလို့ မြို့ခံတဦးက DVB ကို ပြောပါတယ်။

“စစ်တပ်က ရိက္ခာရော လစာရောပေးပြီး လူငယ်တွေကို စည်းရုံးသလို ဒေသခံ ပြည်သူ့စစ်တွေကလည်း စည်းရုံးတော့ ရွာသားတွေက ပြည်သူ့စစ်တွေ ဖြစ်ကုန်တယ်။ ရှမ်းတောင်မှာ လူအင်အားရော၊ လက်နက်အင်အားရော စုနေတာ။” 

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးခရိုင်မှာလည်း မေ ၂၄ ရက်စလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုကို ခုခံကာကွယ်နိုင်ဖို့အတွက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ဒရုန်းသင်တန်းတွေနဲ့ ပြည်သူ့စစ်သင်တန်းပေးခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တောင်ကြီးတပ်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၆ မြို့နယ်က ပြည်သူ့စစ်တွေကို.ဖေဖော်ဝါရီ ၁၆ ရက်မှာ စစ်ကောင်စီက လက်နက်ထောက်ပံ့ပေးခဲ့တာလည်း ရှိပါတယ်။

ဒါ့အပြင် တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး၊ ပင်လောင်း၊ နောင်တရားနဲ့ ကလောမြို့က PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) တွေကို တပ်နယ်အသီးသီးမှာ စစ်ဆင်ရေးအတွက် သင်တန်းတွေပေးတာရှိသလို လက်နက်ထောက်ပံ့တာလည်း သုံးကြိမ်တိုင်ရှိပြီလို့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းဟာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ထိစပ်နယ်မြေတွေပါဝင်တဲ့ ဒေသလည်း ဖြစ်ပါတယ်။

လက်တလော PNLA ခွဲထွက်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ဆီဆိုင်မြို့မှာ တိုက်ပွဲပြင်းထန်နေကာ နှစ်ဖက်တပ်တွေ ထိခိုက်သေဆုံးမှုတွေလည်းရှိပြီး ဒေသခံတွေလည်း စစ်ဘေးရှောင်တိမ်းနေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013