တရုတ်နိုင်ငံနဲ့အတူတွဲပြီး နိုင်ငံစုံလွန်ဆွဲမှုတိုးတက်အောင်လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
စစ်အေးခေတ်မှာ အမေရိကန်နဲ့ ရုရှားစတဲ့ နိုင်ငံကြီး ၂ နိုင်ငံရဲ့ လွန်ဆွဲမှုသာရှိခဲ့ပြီး ဒီကာလမှာ အင်အားကြီးမားလာတဲ့ တရုတ်နိုင်ငံလည်း အနောက်နိုင်ငံတွေနဲ့ လွန်ဆွဲမှုမှာ ပါဝင်လာဖို့ ပူတင်က ဆန္ဒရှိနေတာပါ။
ပူတင်က တရားမျှတမှုနဲ့ နိုင်ငံတကာဥပဒေတွေကို အခြေခံပြီး နိုင်ငံတကာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး မျှတတဲ့ နိုင်ငံတကာအစီအစဉ် တခုကို တည်ဆောက်လိုကြောင်းလည်း တဆက်တည်း ပြောဆိုခဲ့ပါတယ်။
ရုရှားသမ္မတပူတင်ဟာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗြူရိုအဖွဲ့ဝင် ဝမ်ယီနဲ့ တွေ့ဆုံခဲ့ချိန်မှာ တရုတ်နဲ့ ပူးပေါင်းမှုတွေလုပ်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။
ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ အနာဂတ်မှာ တူညီတဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပူတင်က ပြောပါတယ်။
ရုရှားနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံမှု ၇၅ နှစ် ပြည့်မြောက်တော့မှာဖြစ်ပြီး ရုရှား-တရုတ်ဆက်ဆံရေးကို နောက်တဆင့်အဆင့်မြှင့်တင်ဖို့ ပူတင်က ဆန္ဒရှိနေပါတယ်။
ဒါ့အပြင် BRICS အဖွဲ့မှာလည်း ရုရှားကို အလှည့်ကျသဘာပတိအဖြစ် ထောက်ခံတဲ့ တရုတ်နိုင်ငံကို လည်း ကျေးဇူးတင်တယ်လို့ ပူတင်က ဆိုပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်ဟာ လာမယ့်လမှာ BRICS အဖွဲ့ တွေ့ဆုံပွဲအတွက် ရုရှားနိုင်ငံကို လာရောက်ဖွယ်ရှိနေပါတယ်။
ယူကရိန်းကို ကျူးကျော်စစ်ထိုးခြင်းကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုဒဏ်ခံနေရတဲ့ ရုရှားဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ရုရှားဟာ တရုတ်နိုင်ငံထုတ်အင်ဂျင်တွေ အသုံးပြုပြီး Garpiya-A1 (ဂါပီယာ-အေဝမ်း) ကာမီကာဇေ ဒရုန်းတွေ စတင်ထုတ်လုပ်နေပြီလို့ ရိုက်တာက ဖော်ပြပါတယ်။
ယူကရိန်းကို တိုက်ခိုက်တဲ့နေရာမှာ ရုရှားဒုံးကြည်တွေက ကုန်ကျစရိတ်ကြီးတာကြောင့် အီရန်က ဒရုန်းတွေ အသုံးပြုနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ထုတ်ဖော်ပြောဆိုခဲ့တာပါ။
ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ် စတင်တဲ့ အချိန်ကစပြီး အီရန်က ဒရုန်းတွေ ထောင်ကျော် ပို့ဆောင်ပေးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုကိုတော့ အီရန်က မှတ်ချက်ပေးဖို့ ငြင်းဆို ထားပါတယ်။
အခုအချိန်မှာ အီရန်က ဒရုန်းတွေ အသုံးပြုမှု လျှော့ချဖို့ တရုတ်အင်ဂျင်တပ် ဒရုန်းတွေကို ရုရှားက ထုတ်လုပ်နေတာဖြစ်ပါတယ်။
ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တရုတ်စစ်တပ်နဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေလည်း ပြုလုပ်ခဲ့တာကြောင့် အနောက်အုပ်စုနဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ တရုတ်နဲ့ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်လာတာပဲ ဖြစ်ပါတယ်။
Source-Reuters