Home
မြန်မာသတင်း
မြန်မာ့အရေး ဝင်မစွက်ဘူးဆိုတာ အပြောမဟုတ်ဘဲ လက်တွေ့ သက်သေပြရန် တရုတ်သံရုံးရှေ့ ဆန္ဒပြ တောင်းဆို 
DVB
·
September 15, 2024

တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေး ဝင်မစွက်ဖက်ဘူးဆိုတာ အပြောနဲ့မဟုတ်ဘဲ လက်တွေ့ သက်သေပြဖို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲမှာ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။

မြန်မာ့ရေးနဲ့ပတ်သက်ပြီး  ပြည်တွင်းရေး ဝင်မစွက်ဖက်တဲ့မူကို အခိုင်အမာကိုင်စွဲထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းက တရုတ်နိုင်ငံအပေါ်  အကြောင်းမဲ့ အပြစ်တင်နေတာသာ ဖြစ်တယ်လို့ စက်တင်ဘာ ၁၄ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ကြေညာခဲ့တာပါ။

လက်တွေ့အခင်းအကျင်းမှာတော့ စစ်ခေါင်းဆောင် လုပ်ချင်နေတဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေး ကူညီနေတာ၊ အားကောင်းနေတဲ့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထိုးစစ်တွေကို ဖိအားပေးပြီး အရှိန်လျှော့ဖို့ ကြိုးစားနေတာ၊ ကျားဖြန့်လောင်းကစား ထိန်းချုပ်ရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီပြည်ထဲရေးကို ငွေကြေးနဲ့ နည်းပညာတွေ ထောက်ပံ့နေတာ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တားဆီးပိတ်ပင် ခြယ်လှယ်နေတာ စတဲ့လုပ်ရပ်တွေကို တရုတ်အစိုးရက ပြုလုပ်နေတာပါ။

မြန်မာ့အရေးမှာ တရုတ်က ဝင်မစွက်ဖက်ဘူးဆိုတာ အပြောနဲ့မဟုတ်ဘဲ လက်တွေ့သက်သေပြဖို့ လိုအပ်တယ်လို့ ဒေသစံတော်ချိန် စက်တင်ဘာ ၁၄ ရက်က အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီတရုတ်သံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ပါတယ်။

Anti Dictatorship in Burma - DC Metro Area အဖွဲ့မှ ကိုရင်အေးက "ဗြောင်လိမ်တယ်ပေါ့နော် သံရုံးက၊ ဗြောင်လိမ်ပြီးတော့ ဝင်မစွက်ဖက်ဘူး ပြောတယ်၊ မစွက်ဖက်ဘူးဆိုလို့ရှိရင် အတုအယောင် ရွေးကောက်ပွဲလိုဟာမျိုးကို ဘာမှအားပေးစရာမလိုဘူး။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်နော်၊ အဲဒီစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ လေယာဉ်ဆီတွေ၊ လေယာဉ်ပျံတွေ ထောက်ပံ့ပေးနေတယ်၊ ဒါတွေကို ရပ်တန်းကရပ်လေ၊ နောက်ပြီးရင် ဖိအားပေးလေ၊ မတရားလုပ်နေတာ တကမ္ဘာလုံးက သိနေတာ၊ UN လုံခြုံရေးကောင်စီကပါသိလို့ ဆုံးဖြတ်ချက်တွေ ချတဲ့အချိန်မှာ ဘာလို့ သူတို့ ဝင်ကန့်လန့်ကန့်လန့်လုပ်လဲ၊ ဒါတွေ ရပ်ရင်တော့ ကျနော်တို့က သူတို့ ဝင်မစွက်ဖက်ဘူးဆိုတာ ကျနော်တို့ ယုံကြည်လို့ရမယ်၊ ခံနေရတဲ့ ပြည်သူတွေအတွက် ကျနော်တို့ ပြည်သူ့အသံကို ပြတ်ပြတ်သားသား လာတင်ပြတာဖြစ်တယ်။ တလောကပဲ ငွေကြေးတွေ ထောက်ပံ့ပေးတယ်၊ ဒါမျိုးတွေ ရပ်တန်းကရပ်လေ၊ နောက်တချက်ကကျတော့ ဦးကျော်မိုးထွန်းကို သူတို့ Defer တော့ လုပ်ထားတယ်၊ ဆက်ပြီးတော့နေ၊ ဒါပေမဲ့လည်း တိုးတိုးတိတ်တိတ် နေပေါ့နော် ဆိုတဲ့ အနေအထားမျိုးနဲ့ ဦးကျော်မိုးထွန်းကို အသံတိတ်နေအောင် လုပ်ထားတာရှိတယ်။ ဒါတွေကို ကျနော်တို့က ပြတ်ပြတ်သားသား တောင်းဆိုတယ်၊ ဒီအချက်တွေ အဓိကလာတောင်းဆိုတာပါ” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအားကောင်းလာပြီး စစ်ကောင်စီ အခြေအနေမ ကောင်းတော့ချိန်မှာ ကြားဝင်ဖျန်ဖြေတာ၊ ဆွေးနွေးပွဲတွေ စီစဉ်ပေးပြီး တိုက်ပွဲအရှိန်တန့်အောင် ပြုလုပ်တာ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်က သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ခေါ်ပြီး နေရာပေး ဆက်ဆံတာ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အပါအဝင် တရုတ်သံတမန်တွေက စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာ၊ တရုတ်ကိုယ်စားလှယ်တွေက စစ်ခေါင်းဆောင်ဟောင်းတွေ၊ ပြည်တွင်းနိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံတာ စသဖြင့် တရုတ်အစိုးရရဲ့ ခြေလှမ်းတွေကို ခပ်စိပ်စိပ်မြင်လာရတာပါ။

ဝါရှင်တန်အခြေစိုက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုရင်ထွေးက "စစ်ဘေးတွေ၊ ရေဘေးတွေ ဒုက္ခဘေးပေါင်းစုံ ကြုံနေတဲ့အခါမှာ အိမ်နီးချင်းနိုင်ငံပီပီ မြန်မာပြည်သူပြည်သားတွေကို မေတ္တာနဲ့ကူညီတဲ့ အကူအညီမျိုးဆိုရင် ကျနော်တို့ လက်ခံပါတယ်။ ခုချိန်က သူတို့ အကူအညီမဟုတ်ပါဘူး ခင်ဗျ။ သူတို့က နောက်ကနေ မီးထိုးပေးနေတယ်၊ စစ်ကောင်စီကို နောက်ကနေ ထောက်ခံနေတယ်။ အဲဒီလိုလုပ်တာဟာ ကျနော်တို့မြန်မာပြည်ကို ထိုးသတ်တာနဲ့ တူတူပဲ။ အာဏာရှင်ကို သူတို့ဆက်လက်ပြီး ထောက်ပံ့နေမယ်ဆိုရင် ကျနော်တို့ ပြည်သူတွေက တရုတ်ကို လုံးဝလက်မခံဘူး။ ကျနော်တို့ ပြည်တွင်းရေးကို မစွက်ဖက်ပါနဲ့ဆိုတာ ပြောချင်လို့ ဆန္ဒလာဖော်ထုတ်တာပါ။"

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မမူက “ရှီကျင်းဖျင်နဲ့ ဒီသံရုံးမှာရှိတဲ့ သံအမတ်တွေ အားလုံးကိုလည်း ကျမတို့ အသိပေးချင်ပါတယ်။ ဒီနေ့ ကျမတို့လာခြင်းဟာ ပြည်သူတွေရဲ့ ကိုယ်စားလာခြင်း ဖြစ်ပါတယ်။ ဒီနေ့ကျမတို့ တရုတ်ကို တော်လှန်ပုန်ကန်တာဟာဆိုရင် ကျမတို့တွေ စည်းစောင့်နိုင်သမျှ စောင့်ပြီးပါပြီ။ အခုက မစောင့်နိုင်တဲ့အထိ သူတို့လွန်ကဲလွန်းလို့ ကျမတို့ လာပြီးဆန္ဒပြတာပါ။ ရပ်တန်းကရပ်ဖို့ သင့်ပါပြီ။ ကျမတို့နိုင်ငံရေးမှာ ဝင်ရောက်မစွက်ဖက်ပါနဲ့လို့ ဒီကနေ မေတ္တာရပ်ခံချင်ပါတယ်”လို့ ပြောပါတယ်။ 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကြည်းတပ်နဲ့ လေတပ်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ် ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ တရုတ်-မြန်မာနယ်စပ်နေရာ ၄ ခုမှာ ပြုလုပ်ခဲ့တာ၊ ဩဂုတ်လ ၂၉ ရက်နေ့မှာပဲ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ မြန်မာပြည်တွင်းစစ်ဆင်ရေးတွေကို ရပ်ဆိုင်းဖို့ တိုက်တွန်းချက်ထားတဲ့ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက ထုတ်ပြန်တဲ့စာထွက်ပေါ်ခဲ့တာ၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ဖို့တွန်းအားပေးနေတာ စတဲ့အချက်အလက်တွေဟာ တရုတ်အစိုးရက မြန်မာ့အရေးမှာ ပေါ်ပေါ်ထင်ထင် ဖိအားပေးတဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် ပြည်တွင်း ပြည်ပ အသိုင်းအဝိုင်းမှာ တရုတ်အစိုးရအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024