Home
နိုင်ငံတကာ
အင်ဖာမြို့တွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးပစ်ခတ် လူစုခွဲ
DVB
·
September 11, 2024
Photo-ANI

အိန္ဒိယအရှေ့မြောက်ပိုင်း၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့မှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေဟာ စက်တင်ဘာ ၁၀ ရက်က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ကြပါတယ်။

ဒေသခံလူများစု မေးတေနဲ့ လူနည်းစု ကူကီး အသိုင်းအဝိုင်းကြား လူမျိုးရေး ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေ ပြင်းထန်လာခဲ့ပြီးနောက်မှာ ပြည်နယ်အစိုးရက အင်္ဂါနေ့က မဏိပူရ်ပြည်နယ်ရဲ့ တချို့နေရာတွေမှာ အကန့်အသတ်မရှိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

အရှေ့မြောက်ပိုင်းပြည်နယ်မှာ  အကြမ်းဖက်မှုတွေ ပြင်းထန်လာတာကြောင့် တရားဥပဒေစိုးမိုးရေးကို ဆိုးရွားလာစေဖို့အတွက် ဆန္ဒပြသူတွေကို လှုံ့ဆော်ပေးနိုင်တဲ့ ကောလာဟလ အမှားတွေ ပျံ့နှံ့တာကို ရှောင်ရှားဖို့အတွက်ဆိုပြီး မဏိပူရ်အစိုးရဟာ အင်္ဂါနေ့ကစပြီး စက်တင်ဘာ ၁၅ ရက် တနင်္ဂနွေနေ့အထိ အင်တာနက်နဲ့ မိုဘိုင်းဒေတာ ဝန်ဆောင်မှုတွေကို ၅ ရက်ကြာ ဆိုင်းငံ့ထားကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပြည်နယ်အတွင်းရှိ အစိုးရနဲ့ ပုဂ္ဂလိက ကောလိပ်တွေကို ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာလည်း ပိတ်ထားမှာဖြစ်ကြောင်း အစိုးရက ထုတ်ပြန်တဲ့ အမိန့်တရပ်အရ သိရပါတယ်။

စက်တင်ဘာ ၁ ရက်က မေးတေနဲ့ ကူကီး အသိုင်းအဝိုင်းတွေအကြား ရန်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တချို့ရန်ပွဲတွေမှာ ဒရုန်းတွေကို အသုံးပြုကာ ဖောက်ခွဲရေးပစ္စည်းတွေ ပစ်ချခဲ့လို့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။

ဒရုန်းတွေကို ကူကီးစစ်သွေးကြွတွေက အသုံးပြုခဲ့တယ်လို့ သံသယရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ဒါကို ကူကီးအဖွဲ့တွေက ငြင်းဆိုထားပါတယ်။

တနင်္လာနေ့တုန်းက လမ်းမတွေပေါ် ထွက်လာကြတဲ့ ရာနဲ့ချီတဲ့ မေးတေ ကျောင်းသားတွေဟာ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး ပြည်နယ်အာဏာပိုင်အဖွဲ့ရဲ့ ခေါင်းဆောင်မှုကို ပြောင်းလဲဖို့ တောင်းဆိုခဲ့ပါတယ်။

ကူကီးမျိုးနွယ်စုတွေကို ပေးအပ်ထားတဲ့ အစိုးရအလုပ်နေရာတွေနဲ့ ပညာရေးနယ်ပယ်တို့က စီးပွားရေး အကျိုးအမြတ်တွေနဲ့ ခွဲတမ်းတွေ မျှဝေမှုအပေါ် မေးတေ အသိုက်အဝန်းလည်း ရသင့်ကြောင်း ပြီးခဲ့တဲ့နှစ် တရားရုံးဆုံးဖြတ်ချက်ကြောင့် အသိုင်းအဝိုင်း ၂ ခုကြား ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။

မနှစ်တုန်းက အသိုင်းအဝိုင်းတွေအကြား ပဋိပက္ခတွေကြောင့် အနည်းဆုံး လူ ၂၂၅ ယောက် သေဆုံးပြီး ၆၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

မဏိပူရ်ပြည်နယ်အစိုးရကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ BJP ပါတီက ဦးဆောင်တာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်း အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး  မိုဒီရော BJP ပါတီကရော မှတ်ချက်မပေးထားပါဘူး။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013