Home
နိုင်ငံတကာ
မက္ကဆီကိုတွင် ဆန္ဒပြသူများက ဆီးနိတ်လွှတ်တော်ကို ဝင်ရောက်စီးနင်း
DVB
·
September 11, 2024
Photo-Reuters

မက္ကဆီကို ဆီးနိတ်လွှတ်တော်မှာ စက်တင်ဘာ ၁၀ ရက်က အငြင်းပွားစရာ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစည်းအဝေးကို အချေအတင် ကျင်းပနေတဲ့ လွှတ်တော် အဆောက်အအုံအတွင်းကို ဆန္ဒပြသူတွေ ချိုးဖောက် ဝင်ရောက်လာခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ လွှတ်တော်ခန်းမရဲ့ အပေါ်ထပ်မှာ ပြည့်လျှံနေပြီး ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်တဲ့အနေနဲ့ သစ္စာဖောက်တွေလို့ အော်ဟစ်ကြွေးကြော်နေကြတာကြောင့် ဆီးနိတ်ဥက္ကဋ္ဌ ဟိုဆေး ဟယ်ရားဒိုး ဖာနန်ဒက်ဇ်ဟာ အစည်းအဝေးကို ဆိုင်းငံ့လိုက်ပြီး လွှတ်တော်အမတ်တွေကို တည်တည်ငြိမ်ငြိမ်ရှိကြဖို့ တောင်းဆိုခဲ့ပါတယ်။

အထက်လွှတ်တော်အမတ်တွေဟာ တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ကို အကြိတ်အနယ် ဆွေးနွေးနေတုန်းက အာဏာရအဖွဲ့ဟာ လိုအပ်တဲ့ ဆန္ဒမဲအရေအတွက် ၃ ပုံ ၂ ပုံကို ရရှိအောင် လက်သိပ်ထိုး နည်းပရိယာယ်တွေ သုံးနေတယ်လို့ အတိုက်အခံ လွှတ်တော်အမတ်တွေက စွပ်စွဲခဲ့ပါတယ်။

အဓိက အတိုက်အခံပါတီ National Action ရဲ့ ဥက္ကဋ္ဌ မာကို ကောတက်စ်က အာဏာရပါတီ မိုရီနာ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု အဆိုပြုချက်ကို ပြန်ပြင်ဆင်ပေးဖို့ တောင်းဆိုကြတဲ့ တရားစီရင်ရေးဝန်ထမ်းတွေ အပါအဝင် ဆန္ဒပြသူတွေရဲ့ အသံကို နားထောင်ပေးဖို့ သူ့ရဲ့ လူမှုကွန်ရက် X အကောင့်ကနေ ဗီဒီယိုမိန့်ခွန်း ပို့စ်တင်ခဲ့ပါတယ်။

လက်ရှိသမ္မတ အန်ဒရေးစ် မာနူယယ် လိုပက်ဇ် အိုဘရာဒေါက အဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးရဲ့ ကျောရိုးဟာ တရားရုံးချုပ် အပါအဝင် တရားသူကြီးတွေနဲ့ တရားသူကြီး ၆,၅၀၀ ကျော်ကို ရွေးကောက်ပွဲလုပ်ပြီး ရွေးချယ်တင်မြှောက်ခံကြဖို့ တောင်းဆိုထားပါတယ်။

လိုပက်ဇ် အိုဘရာဒေါနဲ့ ရွေးကောက်ခံသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ် တို့ကတော့ တရားသူကြီးတွေကို တာဝန်ခံမှုနဲ့ အကျင့်ပျက်ခြစားမှု လျှော့ချရေးတို့အတွက် မဖြစ်မနေ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုအဖြစ် အပြင်းအထန် ကာကွယ်ပြောဆိုခဲ့ကြပါတယ်။

မက္ကဆီကိုရဲ့ အဓိက ကုန်သွယ်ဖက်ဖြစ်တဲ့ အမေရိကန်နဲ့ ကနေဒါတို့ကတော့ ဒီအပြောင်းအလဲဟာ ၃ နိုင်ငံရဲ့ ကုန်သွယ်မှုသဘောတူစာချုပ် USMCA ကို ထိခိုက်စေနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုကို အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

ဝေဖန်သူတွေက ဒီတရားရေးပြုပြင်ပြောင်းလဲမှုကြောင့် တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေမှာကို စိုးရိမ်ကြောင်း ပြောခဲ့ပြီး ဒီအဆိုပြုချက်ကို ရက်သတ္တပတ်တွေ ချီပြီး ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြခဲ့ကြပါတယ်။

ဒါဟာ အာဏာရပါတီ မိုရီနာက အာဏာကိုစွဲကိုင်ထားဖို့ ဗြောင်ကျကျလုပ်ရပ်အဖြစ် ဝေဖန်ရေးဆရာတွေက ကဲ့ရဲ့ပြစ်တင်ထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013