Home
နိုင်ငံတကာ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း၏ ပါတီဝင်များ ဖမ်းဆီးခံရ
DVB
·
September 10, 2024
Photo-Reuters

ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့မှာ  စက်တင်ဘာ ၉ ရက် ညဥ့်နက်ပိုင်းက ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ ပါတီဝင်တွေကို သိမ်းကြုံး ဖမ်းဆီးနေတာမှာ လွှတ်တော်အမတ် ၂ ယောက်ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ပါတီခေါင်းဆောင်တွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးခံရသူတွေထဲမှာ PTI ပါတီဥက္ကဋ္ဌ ဂိုဟာခန်းလည်း ပါဝင်တယ်လို့ ပါတီခေါင်းဆောင်ဟောင်း ဇူလ်ဖီကာ ဘူခါရီက သတင်းထောက်တွေကို ပြောပါတယ်။

ပါလီမန် အောက်လွှတ်တော်မှ PTI ပါတီခေါင်းဆောင် ဂိုဟာခန်းနဲ့ လွှတ်တော်အမတ် ရှား အက်ဖ်ဇာလ် မာဝပ်ကို ရဲတွေ ဝိုင်းဖမ်းဆီးခဲ့တဲ့ ဗီဒီယိုဖိုင်ကို အာရီနဲ့ ဂျီအို သတင်းဌာနတွေက ပြသခဲ့ပါတယ်။ တတိယမြောက်ပုဂ္ဂိုလ်ဖြစ်တဲ့ PTI ပါတီ အဆင့်မြင့်အဖွဲ့ဝင် တယောက်ကိုလည်း သူ့ရုံးခန်းကနေ ခေါ်ထုတ်သွားပါတယ်။

ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းဟာ မနှစ်ကတည်းက ထောင်ကျနေခဲ့တာပါ။ သူ့ရဲ့ ပါကစ္စတန် တယ်ရိခ် အီအင်ဆာ့ဖ် (PTI) ပါတီဟာ ဖေဖော်ဝါရီလအတွင်း အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့ပေမဲ့ သူ့ပြိုင်ဘက်တွေရဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် ဦးဆောင်တဲ့ အစိုးရတရပ်ကို ဖွဲ့နိုင်ခဲ့ပါတယ်။

အခုဖမ်းဆီးထိန်းသိမ်းမှုတွေကလည်း ခန်း လွတ်မြောက်ရေးအတွက် PTI ပါတီက မြို့တော်ဆင်ခြေဖုံးမှာ အဓိက နိုင်ငံရေးစုဝေးပွဲတခု ကျင်းပခဲ့ပြီး နောက်တရက်အကြာမှာပဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ထောက်ခံသူတွေ စုဝေးရာ လမ်းကြောင်းမှာ ရဲတွေနဲ့လည်း ထိပ်တိုက်တွေ့ခဲ့ပြီး အကြီးတန်း ရဲအရာရှိတယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လူ ၃ ယောက် ထိန်းသိမ်းခံရကြောင်းကို အစ္စလာမာဘတ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တယောက်က ရိုက်တာကိုပေးပို့တဲ့ စာတစောင်မှာ အတည်ပြုခဲ့ပြီး စွဲချက်အသေးစိတ်နဲ့ တရားဝင် ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီးတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိပါဘူး။

မနေ့က ကြီးမားတဲ့ ဆန္ဒပြမှုဟာ အစိုးရရဲ့ ထောက်တိုင်ကျောရိုးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပါတယ်လို့ PTI ပါတီခေါင်းဆောင်ဟောင်း ဘူခါရီက ဆိုရှယ်မီဒီယာဆိုက် X မှာ ရေးသားဖော်ပြခဲ့ပြီး အခုဖမ်းဆီးချုပ်နှောင်တာတွေက တရားမဝင်ကြောင်းလည်း ပြောထားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024