အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ရဲ့ အိမ်ရှေ့မင်းသား ရှိတ်ခ် ခါလဒ်ဘင်မိုဟာမဒ် အယ်လ်နာယန်ဟာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနဲ့ နယူးဒေလီမြို့တော်က ဟိုက်ဒရာဘဒ် အိမ်တော်မှာ စက်တင်ဘာ ၉ ရက်က တွေ့ဆုံပါတယ်။
UAE အိမ်ရှေ့စံဟာ မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယမြို့တော် နယူးဒေလီကို နှစ်ရက်ကြာ ခရီးစဉ်နဲ့ ပထမဆုံး တရားဝင် လာရောက်လည်ပတ်နေတာပါ။
တနင်္လာနေ့နှောင်းပိုင်းမှာ သူဟာ နယူးဒေလီမြို့က အထင်ကရ အိန္ဒိယလွတ်လပ်ရေး တိုက်ပွဲဝင် မဟတ္တမဂန္ဒီရဲ့ ရပ်ဂျ်ဂတ် အောက်မေ့ဖွယ်အခမ်းအနားမှာ လွမ်းသူ့ပန်းခွေချတဲ့ အခမ်းအနားကို တက်ရောက် ပါဝင်မယ်လို့ မျှော်လင့်ထားပါတယ်။
အိမ်ရှေ့စံ အယ်လ်နာယန်ဟာ စီးပွားရေးဖိုရမ်တခုကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးဗဟိုချက် မွမ်ဘိုင်းမြို့ဆီ စက်တင်ဘာ ၁၀ ရက်မှာသွားဖို့ စီစဉ်ထားတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စုက အဖိုးတန်သတ္တုတွေ တင်သွင်းမှု သိသိသာသာ တိုးမြင့်လာလို့ အိန္ဒိယ စက်မှုလုပ်ငန်းတွေက စိုးရိမ်ပူပန်နေကြတာပါ။
ဒီအချိန်မှာ အိန္ဒိယနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုက တာဝန်ရှိသူတွေဟာ ကုန်သွယ်မှု သဘောတူညီချက်ကို အခုသီတင်းပတ်အတွင်း ပြန်သုံးသပ်ဖို့ မျှော်လင့်ထားကြတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက ပြောကြားခဲ့ပါတယ်။
Source-Reuters