Home
နိုင်ငံတကာ
လက်ဘနွန်တွင် ဝေါ့ကီတော်ကီစကားပြောစက်များ ပေါက်ကွဲမှုဖြစ်ပြီး ၁၄ ဦးသေဆုံး
DVB
·
September 19, 2024
Photo-Reuters

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော်ဆင်ခြေဖုံးတွေနဲ့ နိုင်ငံရဲ့ တောင်ပိုင်းမှာ စက်တင်ဘာ ၁၈ ရက် အစောပိုင်းက ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ လက်ကိုင်စကားပြောစက် ဝေါ့ကီတော်ကီတွေ ပေါက်ကွဲမှု  အနှံ့အပြားမှာ ထပ်ဖြစ်ပွားခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံတဝန်းမှာ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာ အသုံးပြုတဲ့ ပေဂျာတွေ စက်တင်ဘာ ၁၇ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက်တရက်အကြာမှာ ထပ်မံဖြစ်ပွားခဲ့တာပါ။

လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုတွေကြောင့် လူ ၁၄ ယောက် သေဆုံးပြီး ၄၅၀ ဒဏ်ရာရခဲ့ကြောင်းနဲ့ အင်္ဂါနေ့က ပေဂျာတွေ ပေါက်ကွဲမှုကြောင့် ကလေး ၂ ယောက် အပါအဝင် သေဆုံးသူ အရေအတွက်ဟာ ၉ ယောက်ကနေ ၁၂ ယောက်အထိ မြင့်တက်လာပြီး ၃,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပေဂျာပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဟစ်ဇ်ဘိုလာအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ စီစဉ်ခဲ့တဲ့ ဈာပနတခုအနီးမှလည်း အနည်းဆုံး ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ပေဂျာတွေနဲ့ လက်ကိုင်ရေဒီယိုစကားပြောစက်တွေကို ထောက်ပံ့ပို့ဆောင်ရေး သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် ဟစ်ဇ်ဘိုလာ အုပ်ချုပ်ရေးပိုင်းယူနစ်တွေက အသုံးပြုနေတာ ဖြစ်ပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ လက်ကိုင်စကားပေြာစက်တွေကို လွန်ခဲ့တဲ့ ၅ လလောက်က ဝယ်ယူခဲ့တာဖြစ်ပြီး တချိန်တည်းမှာပဲ ပေဂျာတွေကို ဝယ်ယူခဲ့တာလို့ လုံခြုံရေးသတင်းရင်းမြစ်တခုက အတည်ပြု ပြောကြားခဲ့ပါတယ်။

အကြီးတန်း လက်ဘနွန် လုံခြုံရေးသတင်းရင်းမြစ်တွေရဲ့ အဆိုအရ အစ္စရေးရဲ့ သူလျှိုအေဂျင်စီ မော့ဆက်ဟာ အင်္ဂါနေ့မှာ ပေါက်ကွဲမှုတွေ မဖြစ်ခင်အထိ လနဲ့ချီပြီး ဟစ်ဇ်ဘိုလာက တင်သွင်းထားတဲ့ ပေဂျာတွေထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေကို စိုက်ထည့်ခဲ့ကြောင်း သိရပါတယ်။

လက်ဘနွန်နိုင်ငံတဝန်းမှာ နောက်ထပ်စက်ပစ္စည်းတွေ ဆက်တိုက်ပေါက်ကွဲမှုတွေကြောင့် နိုင်ငံသားတွေဟာ ဘက်ထရီတွေကို အသုံးပြုဖို့ ကြောက်ရွံ့နေကြပါတယ်။

လက်ကိုင်ရေဒီယို စကားပြောစက်တွေနဲ့ တခြားစက်ပစ္စည်းတွေကနေ ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုတွေကြောင့် နောက်ထပ် ခြိမ်းခြောက်မှုအသစ်တွေ ကြုံရမှာကိုလည်း စိုးရိမ်နေကြတာပါ။

လီသီယမ်ဘက်ထရီတွေနဲ့ ဆိုလာပြားတို့လို နေ့စဉ်သုံးပစ္စည်းတွေရဲ့ ဘေးကင်းမှုနဲ့ ပတ်သက်ပြီးလည်း ကောလာဟလတွေ ပျံ့နှံ့နေပါတယ်။ ဒီဖြစ်ရပ်တွေအတွက် ဟစ်ဇ်ဘိုလာက အစ္စရေးကို လက်တုံ့ပြန်မယ်လို့ ကတိပြုထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013