လက်ဘနွန်နိုင်ငံတဝန်းမှာ အသုံးပြုတဲ့ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်း ပေဂျာတွေ ပေါက်ကွဲခဲ့တာကြောင့် စက်တင်ဘာ ၁၇ ရက်မှာ အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့ပြီး ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေ၊ ဆေးဘက်ဆိုင်ရာတွေနဲ့ ဘေရွတ်ဆိုင်ရာ အီရန်သံတမန် အပါအဝင် အယောက် ၂,၇၅၀ ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေနဲ့ လက်ဘနွန်ကျန်းမာရေးဝန်ကြီး ဖီရက်စ် အဘီယာ့ဒ်က ပြောပါတယ်။
ကျန်းမာရေးဝန်ကြီး ဖီရက်စ် အဘီယာ့ဒ်က “မွန်းလွဲ ၃ နာရီခွဲလောက်မှာ ဆေးရုံတွေဆီ ဒဏ်ရာရသူတွေ အများအပြား ရောက်ရှိလာပြီးတော့ သွားလေရာ သယ်ဆောင်ကြတဲ့ ဆက်သွယ်ရေးကိရိယာ ပေဂျာတွေ ပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်းနဲ့ အရေးပေါ်ခန်းကို ရောက်ရှိလာသူဦးရေမှာ အလွန်များပြားပြီး နေရာဒေသ အသီးသီးမှာ ဖြစ်ပွားကြတယ်” လို့ ပြောပါတယ်။
အရေးပေါ်ဌာနမှာ ဒဏ်ရာရသူတွေက လူ ၂၀၀ လောက်ဟာ ခွဲစိတ်မှု ဒါမှမဟုတ် အထူးကြပ်မတ် ကုသဆောင်ထဲကို ဝင်ရတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်လို့လည်း ဆိုပါတယ်။
လက်ဘနွန် ပြန်ကြားရေးဝန်ကြီး ဇီယဒ်မာကရီက ပေဂျာတွေကို ဖောက်ခွဲခြင်းဟာ အစ္စရေးရဲ့ ရန်လိုမှုဖြစ်လို့ အစိုးရက ရှုတ်ချကြောင်း ပြောပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ပေဂျာပေါက်ကွဲမှုအတွက် အစ္စရေးကို အပြစ်တင်ခဲ့ပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ခံရမယ်လို့ ပြောကြားခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ ဟစ်ဇ်ဘိုလာ အရာရှိတယောက်က ပေဂျာတွေကို ဖောက်ခွဲမှုဟာ အစ္စရေးနဲ့ တနှစ်နီးပါး ပဋိပက္ခအတွင်း သူတို့အဖွဲ့ရဲ့ အကြီးမားဆုံး လုံခြုံရေးဖောက်ဖျက်မှု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပေဂျာဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ စုံစမ်းမေးမြန်းမှုတွေအပေါ် အစ္စရေးစစ်တပ်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
Source-Reuters