စစ်ဖြစ်နေလို့ ဝန်းရံပိတ်ဆို့ခံထားရတဲ့ ဂါဇာဒေသမှာ ဆိုးဆိုးရွားရွား ပြတ်လပ်နေပြီး လိုအပ်ချက်ရှိနေတဲ့ လောင်စာဆီရဖို့ ဂါဇာမြို့သား ပါလက်စတိုင်းသားတွေဟာ ပလတ်စတစ် အမှိုက်တွေကနေ ဓာတ်ဆီရအောင် ကြိုးစားထုတ်လုပ်နေကြပါတယ်။
အရင်က ဘိလပ်မြေနဲ့ အိမ်ဆောက်ပစ္စည်းလုပ်ငန်းမှာ လုပ်ကိုင်ဖူးတဲ့ အသက် ၃၅ နှစ်အရွယ် မာမွတ် မူဇလီဟာ ဂါဇာမြောက်ပိုင်း ဘိတ်ဟာနွန်းကနေ ဘိတ်လဟီယာမြို့ဆီ ပြောင်းရွှေ့လာသူပါ။
ခုတော့ အစ္စရေးနယ်စပ်နားမှာ ဗုံးဒဏ်နဲ့ စစ်ဆင်ရေးကြားမှာ အလုပ်လုပ်ရင်း မိသားစုကို ထောက်ပံ့ဖို့ အလုပ်သမား ၁၀ ယောက်နဲ့အတူ ဓာတ်ဆီချက်နေပါတယ်။
အဆောက်အအုံ အပြိုအပျက်တွေနဲ့ အမှိုက်ပုံတွေကနေ ပလတ်စတစ်ပစ္စည်းတွေကို ကောက်ယူပြီး နေ့စဉ် ဓာတ်ဆီ လီတာ ၅၀ ကနေ ၆၀ ထိရအောင် ချက်လုပ်တယ်လို့ သူတို့က ပြောပါတယ်။
ဓာတ်ဆီတလီတာကို အမေရိကန် ဒေါ်လာ ၉ ဒသမ ၃ ဒေါ်လာနဲ့ ညီမျှတဲ့ အစ္စရေးငွေ ၃၅ ရှက်ကယ်နဲ့ ရောင်းပါတယ်။
အောက်တိုဘာ ၇ ရက်က အစ္စရေးအယောက် ၁,၂၀၀ အသတ်ခံရပြီး အယောက် ၂၅၀ ပြန်ပေးဆွဲခံရတဲ့ ဟားမတ်စ် တိုက်ခိုက်မှုကို လက်တုံ့ပြန်ရင်း ဂါဇာစစ်ပွဲ စခဲ့တာဖြစ်ပါတယ်။
အစ္စရေးက ဂါဇာမှာရှိတဲ့ ဟားမတ်စ်တွေကို ချေမှုန်းလို့ ပါလက်စတိုင်း အယောက် ၄၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာက ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Source-Reuters