လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေကို အစ္စရေးက စနေနေ့ ညပိုင်းကနေ တနင်္ဂနွေနေ့ ကူးတဲ့အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
တမြို့လုံး တဝုန်းဝုန်းအသံတွေ ဆူညံနေပြီး အနီနဲ့ အဖြူရောင်မီးတောက်ကြီးတွေကို အဝေးကနေတောင် နာရီဝက်လောက်မြင်ရတယ်လို့ မျက်မြင်ကြုံရသူတွေက ဆိုပါတယ်။
အီရန် နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အဓိက ခြေကုပ်ယူရာလို့ ယူဆရတဲ့ ဘေရွတ်က ရပ်ကွက်တွေကို တောက်လျှောက်ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာခေါင်းဆောင် နာဆာရဲလားကို သတ်ဖြတ်ခဲ့ပြီးဖြစ်သလို သူ့နေရာဆက်ခံဖို့ လျာထားသူကိုပါ ရှင်းလင်းလိုက်ပြီလို့ ယူဆရပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ ဆက်ဆံသူအဖြစ် မှတ်ယူထားတဲ့ ဟာရှင်မ် ဆာဖီအီဒင်နဲ့ သောကြာနေ့ ကတည်းက အဆက်အသွယ်မရတော့ဘူးလို့ လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်က ဆိုပါတယ်။
ဘေရွတ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီးမှာ ဆက်ခံသူကိုပါ ရှင်းနိုင်ပြီလို့ ယူဆရပါတယ်။ နာဆာရဲလားကို လုပ်ကြံခဲ့မှုကို နှစ်ဖက်စလုံးက အတည်ပြုထားပေမဲ့ ဆာဖီအီဒင်ကိစ္စကိုတော့ အတည်မပြုနိုင်သေးပါဘူး။
အစ္စရေးဟာ လက်ဘနွန်မှာ စစ်ဆင်ရေးချဲ့ထွင်နေပြီး မြောက်ပိုင်းမြို့ ထရီပိုလီကိုပါ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သလို တောင်ပိုင်းမှာလည်း မြေပြင်ကျူးကျော်စစ်ဆင်နွှဲနေပါတယ်။
စနေနေ့က မြေပြင်ထိုးစစ်နဲ့ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၄၄၀ ကို သတ်ဖြတ်ခဲ့ပြီး ဟစ်ဇ်ဘိုလာ ပစ်မှတ် ၂၀၀၀ ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးအတွင်း အစ္စရေးစစ်သား သေဆုံးမှု ၉ ယောက် ရှိပြီလို့လည်း ထုတ်ပြန်ထားပါတယ်။ အစ္စရေးရဲ့ မြေပြင်ကျူးကျော်မှုကြောင့် လက်ဘနွန် လူဦးရေရဲ့ လေးပုံတပုံ ဖြစ်တဲ့ ၁ ဒသမ ၂ သန်းလောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
Source-Reuters