အစ္စရေးက လက်ဘနွန်ကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်ပြီး ဟစ်ဇ်ဘိုလာကို တိုက်ခိုက်ဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့တာကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း တာဝန်ကျဆေးဝန်ထမ်း ၂၈ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက အောက်တိုဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
တခြားကျန်းမာရေးဝန်ထမ်း အတော်များများဟာ တာဝန်ချိန် သတင်းမပို့ကြဘဲ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သူတို့အလုပ်လုပ်တဲ့နေရာတွေကို ထွက်ပြေးနေခဲ့ရတယ်လို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒနမ် ဂေဘရီယေးဆပ်စ်က အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် ပိုခိုင်မာတဲ့ အကာအကွယ်တွေ ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအေဂျင်စီဟာ လေယာဉ်ပျံသန်းမှု ကန့်သတ်ချက်တွေကြောင့် သောကြာနေ့မှာ များပြားလှတဲ့ ထိခိုက်ဒဏ်ရာ ကုသရေးနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေကို လက်ဘနွန်နိုင်ငံကို တင်ပို့ဖို့ စီစဉ်ထားကြောင်းလည်း ဆိုပါတယ်။
လက်ဘနွန်နိုင်ငံရှိ WHO ကိုယ်စားလှယ် ဒေါက်တာ အက်ဘ်ဒီနာဆီယာ အဘူဘာကာက ပြီးခဲ့တဲ့နေ့က သေဆုံးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးဟာ တာဝန်ကျသူတွေဖြစ်ပြီး ဒဏ်ရာရသူတွေကို ကူညီပေးခဲ့တာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဆေးရုံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားပြီးသားဖြစ်ပြီး အစုလိုက်အပြုံလိုက် အသေအပျောက် စီမံခန့်ခွဲရေး စွမ်းရည်ရှိနေပြီလို့ ထင်မြင်ပေမဲ့ စနစ်က ကန့်သတ်ချက် မရောက်မချင်း အချိန်တခုပဲ လိုတယ်လို့လည်း ဆိုပါတယ်။
လက်ဘနွန်ကို အစ္စရေးတိုက်ခိုက်မှု စတင်ချိန်ကတည်းက ကလေးငယ် ၁၂၇ ယောက် အပါအဝင် စုစုပေါင်း လူပေါင်း ၂,၀၀၀ နီးပါး သေဆုံးပြီး ၉,၃၈၄ ယောက် ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Source-Reuters