အီရန်သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယံဟာ အောက်တိုဘာ ၂ ရက်က ကာတာနိုင်ငံကို သွားရောက်ခဲ့ပြီး ကာတာနိုင်ငံရဲ့ အကြီးအကဲ ရှိတ်ခ်တာမင်းမ် ဘင်ဟာမဒ်အယ်လ်ဌာနီနဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အစ္စရေးရဲ့ ရာဇဝတ်မှုတွေကို ရပ်ရင်ရပ်၊ မရပ်ရင် ပြင်းပြင်းထန်ထန် တုံ့ပြန်အရေးယူမှုကို ရင်ဆိုင်ရမှာဖြစ်ကြောင်း သတိပေး ပြောဆိုလိုက်ပါတယ်။
အီရန်သမ္မတ ပေဇက်ရှ်ကီယံက တီဟီရန်ဟာ အစ္စရေးအပေါ် နောက်ထပ်ရန်လိုမှုတွေ ဆက်လုပ်ဆောင်လာရင် ပိုပြင်းထန်တဲ့နည်းလမ်းနဲ့ တုံ့ပြန်မယ်လို့ သတိပေးခဲ့ပြီး အာရှနိုင်ငံတွေကိုလည်း သူ့ဘက်မှာ ဝန်းရံပေးဖို့ ကြိုးပမ်းခဲ့ပါတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအနေနဲ့ ဒေသတွင်း မတည်မငြိမ် မဖြစ်စေရအောင် အစ္စရေးကို ပြောသင့်တယ်လို့ ပေဇက်ရှ်ကီယံက ပြောပါတယ်။
အီရန်ဟာ အစ္စရေးကို ရာနဲ့ချီတဲ့ ပဲ့ထိန်းဒုံးကျည်လှိုင်းတွေ ပစ်ခတ်ခဲ့ပြီးနောက် တရက်အကြာမှာ ကာတာနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အစ္စရေးကလည်း တီဟီရန်ရဲ့ ကြားခံအဖွဲ့ ဟစ်ဇ်ဘိုလာနဲ့ စစ်ပွဲကို အရှိန်မြှင့်ကာ လက်ဘနွန်ကို နယ်စပ်ဖြတ်ကျော်ပြီးတော့ သူ့တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။
အင်္ဂါနေ့က ဒုံးကျည်နဲ့ တိုက်ခိုက်မှုအပြီးမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီရန်ကို ပြန်လည်တိုက်ခိုက်မယ်လို့ ပြောထားပါတယ်။
ကာတာအကြီးအကဲကတော့ ဒိုဟာအစိုးရဟာ အခုခါ တနှစ်နီးပါးရှိပြီဖြစ်တဲ့ အစ္စရေးနဲ့ ဂါဇာရှိ ဟားမတ်စ်တို့အကြား စစ်ပွဲကို အဆုံးသတ်ဖို့ ဖျန်ဖြေရေး ကြိုးပမ်းမှုတွေကို ဆက်လုပ်ဆောင်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကာတာနဲ့ တခြား နိုင်ငံတကာဖျန်ဖြေသူတွေဟာ ဂါဇာကမ်းမြောင်ဒေသအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လုပ်ဆောင်နေတာဖြစ်ပေမဲ့ ဆွေးနွေးပွဲတွေ ရပ်တန့်နေတာပါ။
အီရန်သမ္မတဟာ ဒိုဟာမှာကျင်းပမယ့် အာရှပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
ပေဇက်ရှ်ကီယံဟာ ဒိုဟာမှာ ပထမဆုံးရည်မှန်းချက်က ၂ နိုင်ငံဆက်ဆံရေးကို ဆွေးနွေးဖို့နဲ့ ကာတာအစိုးရနဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးဖို့ဖြစ်ကြောင်း ကာတာကို ထွက်ခွာဖို့ စီစဉ်ထားတဲ့ ခရီးစဉ်မှာ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက ကြေညာခဲ့ပါတယ်။
Source-Reuters