ယီမင်ရှိ ဟူသီသူပုန်တွေဟာ အစ္စရေးအတွင်းပိုင်းရှိ စစ်စခန်းတွေကို တောင်ပံတပ် 'Quds 5' ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။
ယီမင်မှ ဒုံးကျည်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။
ယာယျာဆာရီးက “ယီမင်-ဟူသီ အဖွဲ့ရဲ့ ဒုံးကျည်တပ်ဖွဲ့ဟာ သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းရှိ ဇီယွန်နစ်အဖွဲ့ရဲ့ အတွင်းပိုင်းရှိ စစ်စခန်းတွေကို 'Quds 5' ဒုံးကျည် ၃ စင်းနဲ့ စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး ဒုံးကျည်တွေဟာ သူတို့ရဲ့ပစ်မှတ်တွေကို အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့ကြောင်းနဲ့ ရန်သူတွေဟာ စစ်ဆင်ရေးရလဒ်တွေကို လျှို့ဝှက်ထားတယ်”လို့ ပြောပါတယ်။
ယီမင်စစ်တပ်ဟာ အစ္စရေးရန်သူကို တိုက်ထုတ်တဲ့ ဒုတိယမြောက် အီရန်စစ်ဆင်ရေးဖြစ်တဲ့ ဿထရူး ပရောမစ်စ်အော်ပရေးရှင်းကို ကောင်းချီးပေးပါကြောင်းနဲ့ အစ္စရေးရန်သူကို ဆန့်ကျင်တိုက်ခိုက်တဲ့ ဘယ်ပူးပေါင်းစစ်ဆင်ရေးတွေမှာမဆို ပါဝင်ဖို့ အဆင်သင့်ရှိကြောင်း အတည်ပြုပါတယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်က တိုက်ခိုက်ခဲ့တာကနေ အစပြုခဲ့တဲ့ ဂါဇာစစ်ပွဲ နောက်ပိုင်း ပါလက်စတိုင်းတွေနဲ့ တစည်းတလုံးတည်း ရှိကြောင်း ပြသတဲ့အနေနဲ့ အီရန်ကျောထောက် နောက်ခံပြု ဟူသီစစ်သွေးကြွတွေဟာ အစ္စရေးကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တို့မှ အစ္စရေးကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုကြောင့် သူတို့ရဲ့အကျိုးစီးပွားတွေကို တိုက်ခိုက်ခံရမယ့် အခြေအနေမှာ ရှိနေကြောင်းလည်း ဟူသီအဖွဲ့က ပြောသွားပါတယ်။