အစ္စရေးက လက်ဘနွန်ကို ညလုံးပေါက်လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီးနောက် ထွက်ပြေးလာသူတွေ အောက်တိုဘာ ၂ ရက်က ဘေရွတ်လေဆိပ်မှာ တန်းစီနေစောင့်ဆိုင်းနေကြ ပါတယ်။
ဘေရွတ်ရာဖစ်ဟာရီရီ နိုင်ငံတကာလေဆိပ်မှာ တန်းစီနေတဲ့ ခရီးသည် လူတန်းရှည်ကြီးဟာ လက်ဘနွန်ရဲ့ တခုတည်းသော လေကြောင်းလိုင်းဖြစ်တဲ့ အရှေ့အလယ်ပိုင်းလေကြောင်းလိုင်းက တဆင့် လက်ဘနွန်နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးပမ်းနေကြတာပါ။
အားလပ်ရက်အတွက် လက်ဘနွန်ကို ပြန်လာတဲ့ လက်ဘနွန် ခရီးသည်တချို့ဟာလည်း နိုင်ငံကနေ ပြန်ထွက်ဖို့ လေယာဉ်လက်မှတ် ရရှိရေး ရုန်းကန်ခဲ့ရပါတယ်။
လေကြောင်းလိုင်းအများအပြားဟာလည်း ဒေသတွင်း ပျံသန်းမယ့် လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ထားပါတယ်။
လက်ဘနွန်ရောက်နေတဲ့ အမေရိကန်တွေအတွက် ထိုင်ခုံနေရာတွေ ထပ်ရစေဖို့ အမေရိကန်ပြည်ထောင်စုက လေကြောင်းလိုင်းတွေနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
လက်ဘနွန်မှာရှိတဲ့ အမေရိကန် နိုင်ငံသား ၆၀၀၀ လောက်ဟာ လက်ဘနွန်နိုင်ငံကနေ ထွက်ခွာဖို့ သတင်းအချက်အလက်ရရေး အမေရိကန်မှာ စာရင်းသွင်းထားပေမဲ့ အားလုံးက ထွက်ဖို့ အကူအညီ တောင်းနေကြတာတော့ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမေလာက ပြောပါတယ်။
တနင်္လာနေ့မှာ အစ္စရေးက လက်ဘနွန်နိုင်ငံထဲက ဟဇ်ဘိုလာတပ်တွေကို မြေပြင်စစ်ဆင်ရေး စတင်ခဲ့တာပါ။ အစ္စရေးစစ်တပ်က လက်ဘနွန်ကို ညလုံးပေါက် မြေပြင်ထိုးစစ်ဆင်ခဲ့တယ်လို့လည်း အစ္စရေးက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ပဋိပက္ခဖြစ်နေတာ တနှစ်ကျော်ပြီ ဖြစ်ပေမဲ့ အစ္စရေးက လက်ဘနွန် အပေါ် လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း တိုက်ခိုက်မှု ပိုကြီးလာလို့ အီရန်နဲ့ အမေရိကန်တို့ပါ ဒေသတွင်း စစ်ပွဲထဲဝင်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ ပါတယ်။
အစ္စရေးက ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးကို အောက်တိုဘာ ၂ ရက် အစောပိုင်းမှာ ဆက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဟဇ်ဘိုလာအုပ်စုရဲ့ ပစ်မှတ်တွေလို့ အစ္စရေးက ပြောတဲ့နေရာကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု တဒါဇင်ထက်မနည်း ဆင်နွှဲခဲ့တာပါ။ လက်ဘနွန်မြို့တော် ဆင်ခြေဖုံးရပ်ကွက်တွေကနေ မီးခိုးလုံးကြီးတွေ တက်လာတာကို မြင်ရပါတယ်။
အစ္စရေးဟာ ရက်အတော်ကြာ အပြင်းအထန်တိုက်ခိုက်အပြီးမှာ စစ်သွေးကြွတွေ အများအပြား ကင်းစင်သွားတဲ့ ဒေသအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်အသစ်ကိုလည်း ထုတ်ပြန်ခဲ့ ပါတယ်။
Source-Reuters