စစ်ကောင်စီဆုံးရှုံးခဲ့တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့မှာ စက်တင်ဘာ ၃၀ ရက် ဒီမနက် အစောပိုင်း ၁ နာရီ မထိုးခင်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူတချို့နဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွဆီက သိရပါတယ်။
ဒေသခံတယောက်က "လားရှိုး ရပ်ကွက် ၁၁ ဂေါက်ကွင်းနား အောင်စေတနာလမ်းမှာကျတာ။ ၂ လုံးလုံး အောင်စေတနာကျတာပါ။ လူထိတယ်" လို့ ပြောပါတယ်။
ဗုံး ၃ ကြိမ် ကြဲသွားပြီးနောက်မှာလည်း လေယာဉ်တွေဆက်ဝဲ နေတာကြောင့် အိမ်ထဲမှာပဲ ဘေးကင်းမယ်လို့ ထင်တဲ့ နေရာမှာပုန်း ရတယ်လို့ ဒေသခံက ပြောပါတယ်။
ဗုံး ၃ လုံး ကြဲချခဲ့တဲ့ အထဲက ဗုံး ၂ လုံးကရပ်ကွက် ၁၁ အောင်စေတနာလမ်းသွယ် ၂ လမ်းထိပ်က အိမ် ၂ အိမ်ပေါ်ကို ကျရောက်ထိမှန်ပြီး နေအိမ်ပျက်စီးသွားကာ လူတယောက်လည်း ထိခိုက် ဒဏ်ရာရရှိကြောင်း Freedom Youth Volunteer - FYV က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။
"အိမ်နား ကျတယ်။ အိမ်က မှန်တွေကွဲကုန်ပြီ" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
စစ်ကောင်စီလေတပ်က စက်တင်ဘာ ၂၉ ရက်ည သန်းခေါင်ကျော် ၁၂ နာရီ ၃၆ မိနစ်မှာ ဗုံးတလုံး၊ ၁၂ နာရီ ၄၁ မိနစ်မှာ တလုံး နဲ့ ၁၂ နာရီ ၄၃ မိနစ်မှာ ဗုံးတလုံး စုစုပေါင်း ဗုံး ၃ လုံးကြဲချခဲ့တာမှာ နောက်ဆုံးတလုံးကတော့ မပေါက်ကွဲဘူးလို့ သိရပါတယ်။
စက်တင်ဘာ ၂၈ ရက် ည ၈ နာရီခွဲလောက်ကလည်း လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရပ်ကွက် ၈ ရပ်ကွက်ရုံး အနောက်က ကားဝပ်ရှာ့မှာ ကျရောက်ထိမှန်ကာ ဝပ်ရှော့ထဲက ကားတွေပျက်စီးသွားတဲ့အပြင် ဝပ်ရှော့ မီးလောင်ကာ တန်ဖိုး ကျပ်သိန်းပေါင်း ၁၀၀၀ ဖိုးလောက် ဆုံးရှုံးသွားပါတယ်။
ဒါ့အပြင် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ဟိုယရွာ အနီးက ကောင်းမောင်ရွာဘက်မှာလည်း စက်တင်ဘာ ၂၉ ရက် ည ၈ နာရီ ခွဲလောက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
MNDAA ကိုးကန့်တပ်တွေသိမ်းထားတဲ့ လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်က နေ့စဉ်လိုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို လားရှိုးမြို့နယ် နမ္မကျောက်မီးသွေး၊ နမ့်ပေါင်နဲ့ လားရှိုးခရိုင် မိုင်းရယ်၊ ဟိုယအနီးကရွာတွေကိုလည်း မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။