အစ္စရေးက လက်ဘနွန်နိုင်ငံ၊ မြို့တော် ဘေရွတ်ရဲ့ မြို့လယ်ကောင်ကို အောက်တိုဘာ ၃ ရက် အစောပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် လူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ရှေ့တရက်မှာတော့ အစ္စရေးတပ်တွေဟာ အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေနဲ့ တနှစ်တာတိုက်ပွဲအတွင်း အသေပျောက်အများဆုံး နေ့တနေ့နဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အစ္စရေးကတော့ ဘေရွတ်မှာ ပစ်မှတ်ကို အတိအကျ တိုက်ခိုက်တာလို့ ထုတ်ပြန်ပါတယ်။ ဘေရွတ်မြို့လယ် လွှတ်တော်အဆောက်အအုံနားက ရပ်ကွက်မှာရှိတဲ့ အဆောက်အအုံတခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
၆ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရတယ်လို့ လက်ဘနွန် ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန်နာဆာရဲလားကို လုပ်ကြံခဲ့တဲ့နေရာ ဖြစ်တဲ့ ဘေရွတ်တောင်ပိုင်းက ဒါဟီယာ ဆင်ခြေဖုံးကိုလည်း ဒုံးကျည် ၃ စင်း ထပ်မံ ထိမှန်ခဲ့ပါတယ်။
တောင်ပိုင်းက ရပ်ကွက်တွေကို အစ္စရေးက တောက်လျှောက် တိုက်ခိုက်နေပါတယ်။ လက်ဘနွန်တောင်ပိုင်းကို မြေပြင်ထိုးစစ်ဆင်နေတဲ့ အစ္စရေးစစ်သည် ၈ ယောက် ကျဆုံးတယ်လို့ အစ္စရေးက ထုတ်ပြန်ခဲ့ပါတယ်။
အီရန်က အစ္စရေးကို ဒုံးကျည် အစင်း ၁၈၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ချိန်ဟာ အစ္စရေးက လက်ဘနွန်ကို မြေပြင်ထိုးစစ် ဆင်နွှဲနေချိန်လည်းဖြစ်ပါတယ်။
ဒါကြောင့် ရေနံအဓိကထွက်ရှိရာ အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်နေကြပါတယ်။
ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေကလည်း လက်ဘနွန်နိုင်ငံတွင်း ကျူးကျော်လာတဲ့ အစ္စရေးတပ်ဖွဲ့တွေနဲ့ အပြင်းအထန် တိုက်ခိုက်နေပါတယ်။
လက်ဘနွန်နယ်စပ်မြို့မှာ အစ္စရေး မာကာဗာတင့်ကား ၃ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဟစ်ဇ်ဘိုလာဘက်က ထုတ်ပြန်ပါတယ်။
အစ္စရေးတိုက်ခိုက်မှုကြာင့် လက်ဘနွန်နိုင်ငံသား ၁ ဒသမ ၂ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ လက်ဘနွန် အိမ်စောင့်အစိုးရဝန်ကြီးချုပ် နာဂျစ်မီကာတီက ပြောပါတယ်။
လက်ဘနွန်တောင်ပိုင်းနယ်စပ်မှာရှိတဲ့ မြို့ငယ် နှစ်ဒါဇင်လောက်က ဒေသခံတွေ အဝါလီမြစ် မြောက်ပိုင်းကို ရှောင်ရှားဖို့ အစ္စရေးက ကြေညာချက်ထုတ်ထားပါတယ်။
တနှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ တိုက်ပွဲကာလမှာ လက်ဘနွန်ဘက်က လူ ၁,၉၀၀ ကျော် သေဆုံးပြီး ၉,၀၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
Source-Reuters