Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲ ၁ နှစ်ပြည့် ကမ္ဘာတဝန်း ဆန္ဒပြ
DVB
·
October 7, 2024
Photo-Reuters

အစ္စရေးကို ဟားမတ်စ် ဝင်တိုက်မှု တနှစ်ပြည့်ချိန်မှာ ပါလက်စတိုင်းအရေး လိုလားသူတွေနဲ့ အစ္စရေး လိုလားသူတွေရဲ့ ဆန္ဒပြပွဲကြီးတွေ ဥရောပ၊ မြောက်အမေရိကနဲ့ အာရှတိုက်နိုင်ငံတွေမှာ ဖြစ်ပွားနေပါတယ်။

စနေနေ့က လန်ဒန်၊ ဘာလင်၊ ပါရီနဲ့ ရောမ အပါအဝင် ဥရောပမြို့ကြီးတချို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၆ ရက် တနင်္ဂနွေနေ့မှာ ပိုအားကောင်းလာခဲ့ပါတယ်။

တနှစ်တင်းတင်းပြည့်တဲ့ အောက်တိုဘာ ၇ ရက်၊ တနင်္လာနေ့မှာတော့ အားအကောင်းဆုံး ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဘာလင်မြို့က ချီတက်ပွဲမှာ အစ္စရေးလိုလားသူတွေဟာ ရဲအစောင့်အရှောက်နဲ့ ချီတက်ခဲ့ကြပါတယ်။

ပါရီမှာတော့ အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တိုက်ခိုက်မှုမှာ သေဆုံးတဲ့သူတွေနဲ့ အခုချိန်ထိ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူတွေအတွက် ဆုတောင်းပွဲ လုပ်ခဲ့ပါတယ်။

လန်ဒန်မှာလည်း ဟိုက်ပါ့ခ်မှာ အလားတူ အောက်မေ့ဖွယ်အခမ်းအနားတရပ် ကျင်းပခဲ့ပါတယ်။

ဘရာဇီးမြို့တော် ဘရာဆီးလီးယားမှာတော့ လူထောင်ချီ ဆုဝေး စုတောင်းခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ပါကစ္စတန်ကနေ မော်ရိုကိုအထိ လမ်းမတွေပေါ်မှာ ပါလက်စတိုင်း လိုလားတဲ့ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။

အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးထူထောင်တဲ့ ၂၀၂၀ သဘောတူညီချက်ကို ဖျက်သိမ်းဖို့ မော်ရိုကိုမြို့တော် ရာဘတ်မှာ လူထောင်ချီ ချီတက်တောင်းဆိုခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့မှာလည်း ပါလက်စတိုင်းထောက်ခံသူတွေ အင်အားအလုံးအရင်းနဲ့ ချီတက်ခဲ့ကြပါတယ်။

ပါကစ္စတန်ရဲ့ အကြီးဆုံး ဘာသာရေးပါတီ ဂျာမတ် အယ်လ် အစ္စလာမီက ဦးဆောင်တဲ့ ဒီဆန္ဒပြပွဲမှာ ကမ္ဘာကြီးကို လှုပ်နှိုးဖို့၊ အမေရိကန်ဟာ အကြမ်းဖက်သမားတွေကို ပံ့ပိုးနေတယ်ဆိုတာ သိရှိဖို့ ဖော်ပြတာလို့ ဆိုပါတယ်။

ဩစတြေးလျနိုင်ငံ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမှာလည်း ပါလက်စတိုင်းနဲ့ လက်ဘနွန် ထောက်ခံသူ ထောင်ချီ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ကမ္ဘာ့မွတ်စလင်လူဦးရေအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာမှာလည်း အမေရိကန်သံရုံးနားမှာ ပါလက်စတိုင်းအရေးလှုပ်ရှားသူ ၁,၀၀၀ လောက် စုရုံး ဆန္ဒပြခဲ့ကြပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024