ဂါဇာမှာဆင်နွှဲနေတဲ့ အစ္စရေးစစ်ပွဲနဲ့ ယီမင်အခြေစိုက် ဟူသီအဖွဲ့ကို တိုက်ခိုက်နိုင်ဖို့အတွက် ဒေါ်လာ ၂၂ ဒသမ ၇၆ ဘီလီယံအထိ အမေရိကန်နိုင်ငံက အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာတခုအရ သိရပါတယ်။
ဘရောင်းတက္ကသိုလ် ဝက်ဆန်အင်စတီကျုရဲ့ အစီရင်ခံစာအရ လွန်ခဲ့တဲနှစ်မှာ ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက် အစ္စရေးအတွက် ဒေါ်လာ ၁၇ ဒသမ ၉ ဘီလီယံ စစ်ရေးအကူအညီ ပေးအပ်ခဲ့ပြီး ဒါဟာ နှစ်အလိုက် အမြင့်ဆုံးပမာဏ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလိုမျိုး အမေရိကန်က အစ္စရေးကို ထောက်ပံ့ရာမှာ စစ်ဘက်ဘဏ္ဍာငွေတွေ အပါအဝင် လက်နက်ရောင်းချမှုနဲ့ လွှဲပြောင်းပေးမှုအထိ ပါဝင်တယ်လို့ ဆိုပါတယ်။
အမေရိကန် ပို့ဆောင်ပေးခဲ့တဲ့ အကူအညီ အများစုဟာ ပေါင် ၂,၀၀၀ ဗုံးနဲ့ အမြောက်ဆန်တွေလိုမျိုး လက်နက်ခဲယမ်းတွေပဲ ဖြစ်ပါတယ်။
အစ္စရေးဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ အဓိကမဟာမိတ်နိုင်ငံ ဖြစ်သလို ၁၉၅၉ ခုနှစ်ကစလို့ အကြီးမားဆုံး စစ်ရေးအကူအညီကိုလည်း လက်ခံရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အမေရိကန်ဟာ ယီမင်နိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်းဒေသရဲ့ တခြားစစ်ဆင်ရေးတွေမှာပါ ဒေါ်လာ ၄ ဒသမ ၈၆ ဘီလီယံ ထပ်မံသုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်နဲ့အတူ ဗြိတိန်နိုင်ငံဟာ ယီမင်မှာရှိတဲ့ ဟူသီအဖွဲ့ရဲ့ တည်နေရာတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဂါဇာဒေသမှာရှိတဲ့ ပါလက်စတိုင်းတွေအပေါ် ထောက်ခံကြောင်း ပြသမှုအဖြစ် ဟူသီအဖွဲ့က အစ္စရေးနဲ့ဆက်နွှယ်နေတဲ့ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကတော့ “ကျုပ်ထက် အစ္စရေးကို ပိုပြီးကူညီတဲ့အစိုးရ မရှိသေးဘူး” လို့ အောက်တိုဘာ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source-Reuters