မြောက်ကိုရီးယားစစ်တပ်ဟာ အောက်တိုဘာ ၉ ရက်က စတင်ပြီး တောင်ကိုရီးယားနဲ့ ဆက်သွယ်ထားတဲ့ ကားလမ်း၊ ရထားလမ်းတွေကို လုံးဝဖြတ်တောက်မှာဖြစ်ပြီး သူ့ရဲ့ နယ်နိမိတ်ဘက်ခြမ်းရှိ နယ်မြေတွေကို ခိုင်ခံ့အောင်လုပ်မှာဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ထုတ်ပြန်ပါတယ်။
KCNA ကတဆင့် ထုတ်ပြန်တဲ့ ကြေညာချက်ဟာ ကိုရီးယား ၂ နိုင်ငံကို ပိုင်းခြားထားတဲ့ နယ်နိမိတ်မျဉ်းအနီးမှာ တင်းမာမှုတွေ ပိုမိုပြင်းထန်လာကြောင်း ညွှန်ပြနေပါတယ်။
မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း လနဲ့ချီပြီး စစ်အင်အားထူထပ်တဲ့ နယ်စပ်တလျှောက်မှာ စွန့်ပစ်မြေရိုင်းတွေ ဖန်တီးတာအပြင် မြေမြှုပ်မိုင်းတွေနဲ့ အတားအဆီးတွေ တည်ဆောက်တာတွေကို လုပ်ဆောင်နေကြောင်း ဇူလိုင်လတုန်းက တောင်ကိုရီးယား စစ်တပ်က ပြောကြားခဲ့ပါတယ်။
လတ်တလောနှစ်ပိုင်းတွေကနေ အခုချိန် ကိုရီးယား ၂ နိုင်ငံကြားက နယ်စပ်တလျှောက်မှာလည်း လှုပ်ရှားမှုတွေ မရှိသလောက် ဖြစ်ပါတယ်။
KCNA ကလွှင့်တဲ့ ကြေညာချက်ထဲမှာတော့ ဒါဟာ တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေအပြင် ဒေသတွင်းမှာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် နျူးကလီးယား လက်နက်ပစ္စည်းတွေနဲ့ မကြာခဏ လာရောက်နေတဲ့အပေါ် တုံ့ပြန်မှုဖြစ်တယ်လို့ ကိုရီးယား ပြည်သူ့တပ်မတော်ရဲ့ စစ်ဦးစီးချုပ်က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။
Source-Reuters