မြောက်ကိုရီးယားနိုင်ငံဟာ နျူးကလီးယားလက်နက်နဲ့ စစ်ဘက် မဟာအင်အားကြီး စူပါပါဝါနိုင်ငံ ဖြစ်လာအောင် လုပ်ဆောင်ချက်တွေကို အရှိန်မြှင့်မှာဖြစ်ပြီး ရန်သူတွေက တိုက်ခိုက်လာရင်လည်း နျူလက်နက် အသုံးပြုတာကို ဟန့်တားနေမှာ မဟုတ်ဘူးလို့ ခေါင်းဆောင် ကင်မ်ဂျုံအန်းက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကို လာရောက်ချိန်မှာ ပြောကြားသွားကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က အောက်တိုဘာ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က ကင်မ်ဂျုံအန်းဟာ ကာကွယ်ရေးတက္ကသိုလ်ကို ရောက်ရှိလာခဲ့ပြီးတော့ တက္ကသိုလ်ကျောင်းသားတွေ၊ တာဝန်ရှိသူတွေနဲ့ အဖွဲ့လိုက် ဓာတ်ပုံရိုက်ကြတာကိုလည်း KCNA က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေမှာ ပြသခဲ့ပါတယ်။
တောင်ကိုရီးယားကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ကင်မ်ဂျုံအန်းက ပြောပေမဲ့ ရန်သူက ငါတို့နိုင်ငံကို အင်အားသုံးဖို့ ကြိုးစားလာရင် မြောက်ကိုရီးယားစစ်တပ်ဟာ ရန်လိုမှုအားလုံးကို တုံ့ဆိုင်းခြင်းမရှိ တန်ပြန်သွားမယ်လို့ဆိုပါတယ်။
နျူးကလီးယားလက်နက် အသုံးပြုမှုကိုလည်း ဟန့်တားခြင်းပြုမှာ မဟုတ်ကြောင်း အောက်တိုဘာ ၇ ရက်က တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့ကြောင်း KCNA က ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ နျူးကလီးယားလက်နက် အစီအစဉ်ကို ဆယ်စုနှစ်များစွာ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
Source-Reuters