မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ထိပါးဖို့ ရန်သူက အင်အားသုံး ကြိုးပမ်းလာခဲ့မယ်ဆိုရင် နျူးကလီးယားလက်နက် အပါအဝင် ရနိုင်တဲ့ ထိုးစစ်တပ်ဖွဲ့ အားလုံးကို အသုံးပြုဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁ ရက်က မြောက်ကိုရီးယား အာဏာရှင်အစိုးရကို အဆုံးသတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုးကို ကင်မ်က ဝေဖန်ခဲ့ပြီး ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတဲ့ဘက်ကို ပြသနေတယ်လို့လည်း မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက်က မြောက်ကိုရီးယားစစ်တပ် အထူးစစ်ဆင်ရေးယူနစ်ရဲ့ လေ့ကျင့်ရေးစခန်းမှာ ကင်မ်ဂျုံအန်းက မှတ်ချက် ပြောကြားခဲ့တာဖြစ်ကြောင်း KCNA က ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အောက်တိုဘာ ၁ ရက်ကပြုလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ အခမ်းအနားတခုမှာ ပြုံယမ်းကို နျူလက်နက်တွေ အသုံးမပြုဖို့ သတိပေးခဲ့ပြီး ဒါဟာ တောင်ကိုရီးယားစစ်တပ်နဲ့ အမေရိကန် မဟာမိတ်တို့ရဲ့ ပြတ်သားပြီး ပြင်းထန်တဲ့ တုံ့ပြန်မှုတခုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သမ္မတ ယွန်းက ပြောကြားခဲ့တာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ သြဇာကြီးတဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံကလည်း အခုသီတင်းပတ်အတွင်း တပ်မတော်နေ့အတွက် ဆိုးလ်မှာကျင်းပတဲ့ စစ်ရေးပြ အခမ်းအနားကို ‘လူရွှင်တော်ရှိုး’ ဆိုပြီး လှောင်ပြောင်ဝေဖန်ခဲ့ကြောင်း အောက်တိုဘာ ၃ ရက်က နိုင်ငံပိုင်မီဒီယာ KCNA မှာ ဖော်ပြသွားပါတယ်။
ကင်မ်ယိုးဂျုံဟာ တောင်ကိုရီးယားရဲ့ အောက်တိုဘာ ၁ ရက် ချီတက်ပွဲအတွင်း ပြသထားတဲ့ စစ်ရေးစွမ်းရည်တွေအပြင် အမေရိကန် B-1B ဗုံးကြဲလေယာဉ်ရဲ့ ပျံသန်းမှုစွမ်းရည်တွေကိုလည်း ဝေဖန်ရှုတ်ချခဲ့ပါတယ်။
တောင်ကိုရီးယားက ပြသထားတဲ့ အလေးချိန် ၈ တန်ရှိ ထိပ်ဖူးကို တင်ဆောင်နိုင်တဲ့ ဟျွန်မူး ၅ ဒုံးကျည်သစ်ကို ရည်ညွှန်းပြီး “ဒီလောက် အသုံးမကျတဲ့ လက်နက်ကြီးကို ထုတ်ဖော်ပြသပြီးတော့ အစိုးရကို အဆုံးသတ်မယ့်အကြောင်း ဘယ်သူပြောနိုင်လို့လဲ” ဆိုတဲ့ ကင်မ်ယိုးဂျုံရဲ့ ပြောစကားကို KCNA က ကိုးကား ဖော်ပြသွားပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆုန်းနမ်မြို့ ဆိုးလ်လေတပ်စခန်းမှာ ပြုလုပ်တဲ့ စစ်ရေးပြချီတက်ပွဲမှာ တပ်ဖွဲ့ဝင် ၅,၃၀၀၊ စစ်လက်နက်ပစ္စည်းအမျိုးအစား ၃၄၀ နဲ့ လေကြောင်းစွမ်းရည်တွေ ပါဝင်ပြသခဲ့တာပါ။ နောက်ထပ် အသေးစားချီတက်ပွဲကို ဆိုးလ်မြို့လယ်မှာ ကျင်းပခဲ့ပြီး ပရိသတ် ထောင်ပေါင်းများစွာ ဆွဲဆောင်ခဲ့ပါတယ်။
Source-Reuters