Home
ဆောင်းပါး
မြန်မာနိုင်ငံတော်အချုပ်အခြာအာဏာကို တရုတ်အစိုးရ ထိပါးစော်ကားနေသည် 
DVB
·
September 27, 2024
Photo_DVB

ဒီအတောအတွင်း ထိပ်တန်းရောက်သတင်း‌တွေထဲမှာ တရုတ်အစိုးရရဲ့ မြန်မာ့ပြည်တွင်းရေးမှာ  ဝင်ရောက်စွက်ဖက်တဲ့အကြောင်းလည်း တခုအပါအဝင် ဖြစ်မှာပါ။ တရုတ်အစိုးရဟာ ယခင်စစ်အာဏာရှင်ဟောင်းတွေ လက်ထက်ကတည်းက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်လာတယ် ဆိုတာ မှန်ပါတယ်။ ဒီတကြိမ်မှာကတော့ ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်လာတာပါ။ 

အားလုံး သိပြီးတဲ့အတိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီကို ရွှေလီ ဆက်ဆံရေးရုံးက ပေးလိုက်တဲ့စာဟာ အင်မတန်မှ ရိုင်းပျပါတယ်။ ငါဟာ အင်အားကြီးဖြစ်တယ်၊ ငါ ကြိုက်သလို လုပ်မယ်ဆိုတဲ့ jungle law ကို ပေါ်ပေါ်ထင်ထင် ထုတ်ပြလိုက်တာပါ။ ဒီစာဟာ တရုတ်အစိုးရရဲ့ သဘောထား ဟုတ်သလားဆိုပြီး မေးမြန်းတဲ့အခါမှာလည်း ဟုတ်တယ်လို့လည်း မပြော၊ မဟုတ်ဘူးလို့လည်း မငြင်း၊ မလှိမ့်တပတ်လုပ်ပြီး ဖြေသွားပါတယ်။ ချော်လဲရောထိုင် လုပ်လိုတဲ့သဘောသာ ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ လူကြားကောင်းအောင်လို့ကတော့ မြန်မာ့အရေးမှာ မစွက်ဖက်ပါဘူး၊ ဘာညာနဲ့ အသံကောင်းဟစ်သူပါ။ စက်တင်ဘာ ၁၄ ရက်နေ့ တရုတ်သံရုံးက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာလည်း မြန်မာ့အရေး ဝင်မစွက်ဖက်၊ ဝင်စွက်ဖက်တဲ့ ပြည်ပအင်အားစုတွေကို လက်မခံ၊ အပစ်အခတ်ရပ်စဲပြီး ငြိမ်း‌ချမ်းရေး ဖြေရှင်းဖို့ ထောက်ခံ စသဖြင့် ပလီပလာတွေ ထုတ်ပြန်ခဲ့ပါသေးတယ်။

ဘာတွေဘယ်လိုပဲ ထုတ်ပြန်နေပါစေ၊ ဘာတွေ ဘယ်လိုပဲ ဟန်ဆောင်လိမ်ညာနေပါစေ တရုတ်အစိုးရဟာ မြန်မာနိုင်ငံအပေါ် ဘယ်လို ဆက်ဆံနေတယ်ဆိုတာ ပြည်သူတွေ အသိဆုံးဖြစ်ပါတယ်။ တရုတ်အစိုးရဟာ နိုင်ငံကြီးတနိုင်ငံ ဖြစ်ပေမဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်နေတဲ့ အစိုးရတရပ်ထက် မပိုပါဘူး။ တရုတ်ဟာ အခုလို ဗြောင်ကျကျ စွက်ဖက်မှုတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဗြောင်ကျကျ ချိုးဖောက်နေပြီလို့ပဲ ပြောရတော့မှာပါ။

ဒါဆို အချုပ်အခြာအာဏာ ဆိုတာ ဘာလဲ။

နိုင်ငံတကာဥပဒေအရ အချုပ်အခြာအာဏာဆိုတာ နိုင်ငံတနိုင်ငံအနေနဲ့ ပြင်ပအင်အားစုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ကိုယ့်နိုင်ငံကိုယ် ကိုယ့်စိတ်တိုင်းကျ လွတ်လွတ်လပ်စီမံအုပ်ချုပ်နိုင်တဲ့ အာဏာကို ဆိုလိုတာဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံအနေနဲ့ နယ်နိမိတ်၊ အစိုးရနဲ့ ဥပဒေရေးစနစ် တည်ငြိမ်မှုတို့ကို ဆက်လက်ထိန်းသိမ်းနိုင်တဲ့ အာဏာတရပ်လည်း ဖြစ်ပါတယ်။ အချုပ်အခြာအာဏာဟာ နိုင်ငံတကာ ဥပဒေစနစ်ရဲ့ အဓိကကျတဲ့ အခြေခံမူတရပ်လည်းဖြစ်ပါတယ်။

အချုပ်အခြာအာဏာ ၂ မျိုး

 နိုင်ငံတကာဥပဒေအရ အချုပ်အခြာအာဏာကို ၂ ပိုင်းထပ်ပြီး ခွဲနိုင်ပါတယ်။

(၁) ပြည်တွင်းအချုပ်အခြာအာဏာ

ပြည်တွင်းအချုပ်အခြာအာဏာဆိုတာ နိုင်ငံတနိုင်ငံအနေနဲ့ သူ့ရဲ့ပိုင်နက်နယ်မြေတွေမှာ အာဏာကိုကျင့်သုံးနိုင်တဲ့ အရည်အချင်းကိုခေါ်ပါတယ်။ ဥပဒေပြုတာတွေ၊ ပေါ်လစီအကောင်အထည်ဖော်တာတွေ၊ ပြည်တွင်းကိစ္စတွေမှာ ဥပဒေပြုထိန်းချုပ်တာတွေ ပါဝင်ပါတယ်။ ဆိုလိုတာကတော့ အာဏာမဏ္ဍိုင် ၃ ရပ်စလုံးကို ထိထိရောက်ရောက် အသုံးချနိုင်တာပဲ ဖြစ်ပါတယ်။

(၂) ပြည်ပအချုပ်အခြာအာဏာ

ဒီအပိုင်းမှာတော့ နိုင်ငံတနိုင်ငံရဲ့ လွတ်လပ်ရေးအပေါ် အခြားနိုင်ငံတွေက အသိအမှတ်ပြုခံရတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အခြားသောအချုပ်အခြာအာဏာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတာတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပါဝင်တာတွေ၊ စာချုပ်ချုပ်ဆိုတာတွေပါဝင်ပါတယ်။

ဘယ်တုန်းကစတင်ခဲ့သလဲ

အခုလို အချုပ်အခြာအာဏာအယူအဆဟာ ၁၆၄၈ ခုနှစ်က စတင်ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဥရောပမှာ နှစ်ပေါင်း ၃၀ ကြာဖြစ်ပွားခဲ့တဲ့ နှစ် ၃၀ စစ်ပွဲပြီးတဲ့နောက် ဝက်စ်ဖားလီးယား ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။ ဒီစာချုပ်ထဲမှာ နိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို အသိအမှတ်ပြုထားသလို ဘယ်နိုင်ငံကမှ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်ရဘူး စတဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ အချုပ်အခြာအာဏာနဲ့ဆိုင်တာတွေကို ပြဋ္ဌာန်းထားပါတယ်။ ဒီစာချုပ်ပါ ပြဋ္ဌာန်းချက်တွေဟာ ခေတ်သစ်အချုပ်အခြာအာဏာဆိုင်ရာ အခြေခံစည်းမျဉ်းတွေအတွက်လည်း လမ်းခင်းပေးခဲ့ပါတယ်။

အချုပ်အခြာအာဏာရဲ့အခြေခံမူတွေ

နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်ထဲကို ရောက်ရှိလာပြီဆိုတာနဲ့ အခြားနိုင်ငံတနိုင်ငံနဲ့ ဆက်သွယ်ရမှာ အခြေခံစည်းမျဉ်းတွေကို လိုက်နာရပါတယ်။ အဲ့ဒီစည်းမျဉ်းတွေထဲမှာ အချုပ်အာဏာဆိုင်ရာ အခြေခံစည်းမျဉ်းတွေလည်း ပါဝင်ပါတယ်။   ဒီတော့ ခေတ်သစ် နိုင်ငံတကာဥပဒေအရ အချုပ်အခြာအာဏာဆိုင်ရာ အခြေခံမူတွေဟာ ဘာတွေပါလဲ။

(၁) နယ်မြေတည်တံ့မှု - နိုင်ငံတွေဟာ မိမိပိုင်နယ်မြေကို ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် ထိန်းချုပ်ုနိင်ခွင့်ရှိသလို အခြားနိုင်ငံတွေရဲ့ ကျူးကျော်မှုတွေကနေလည်း ကာကွယ်ခုခံပိုင်ခွင့်ရှိပါတယ်။ နိုင်ငံတနိုင်ငံရဲ အချုပ်အခြာအာဏာဆိုတာ ချိုးဖောက်လို့ မရပါဘူး။ အဲ့ဒီနိုင်ငံရဲ့ ပိုင်နက် နယ်မြေကိုလည်း အင်အားအသုံးပြုပြီးလည်း သိမ်းပိုက်လို့မရပါဘူး။

(၂) ဝင်ရောက်မစွက်ဖက်ရေး - အချုပ်အခြာအာဏာပိုင်မှုရဲ့ မှတ်ကျောက်တွေထဲက တခုကတော့ ဝင်ရောက်မစွက်ဖက်ရေးမူပဲဖြစ်ပါတယ်။ နိုင်ငံတွေဟာ တခြားနိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ရပါဘူး။ စွက်ဖက်တယ်ဆိုရာမှာ နိုင်ငံရေး၊ စစ်ရေး၊ ဒါမှမဟုတ် စီးပွားရေးဖြစ် ဖြစ်ဘာတခုနဲ့မှ ဝင်ရောက်စွက်ဖက်တာမျိုး မပြုလုပ်ရပါဘူး။

(၃) အချုပ်အခြာအာဏာ တန်းတူညီတူရှိမှု - ဓန၊ လူဦးရေ၊ အကျယ်အဝန်း၊ အာဏာ ဘာတွေပဲ ကွာခြားနေပါစေ၊ နိုင်ငံအားလုံးဟာ နိုင်ငံတကာဥပဒေအရ တန်းတူရည်တူဖြစ်ကြပါတယ်။ ဒီတန်းတူညီရေးမူအရ နိုင်ငံကြီးငယ်မရွေး နိုင်ငံအားလုံးမှာ တူညီတဲ့အခွင့်အရေးတွေ၊ တာဝန်တွေ ရှိကြပါတယ်။

(၄) အသိအမှတ်ပြုခြင်း-အချုပ်အခြာအာဏာဆိုတာ တခြားနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ရဲ့ အသိအမှတ်ပြုတဲ့အပေါ်မှာလည်း အခြေခံပါတယ်။ နိုင်ငံတနိုင်ငံတနိုင်ငံဟာ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုရင်တောင် သီးခြား နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို သံတမန်ဆက်သွယ်ရေးတွေကတဆင့်၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုတာကတဆင့်၊ စာချုပ်တွေချုပ်ဆိုတာကတဆင့် အသိအမှတ်ပြုပေးကြပါတယ်။ 

ကော်ဖူးရေလက်ကြားအမှု

နိုင်ငံတကာတရားရုံးကဆုံးဖြတ်ခဲ့တဲ့   ကော်ဖူးရေလက်ကြားအမှုဟာ အချုပ်အခြာအာဏာ အယူအဆနဲ့ပတ်သက်ရင် ထင်ရှားပါတယ်။ ဒီအမှုဟာ အယ်လ်ဘေးနီးယားနဲ့ ဗြိတိန်အကြား ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ၁၉၄၆ မှာ ဗြိတိန်ဟာ ကော်ဖူးရေလက်ကြားမှာရှိတဲ့ အယ်လ်ဘေးနီးယားနိုင်ငံရဲ့ ပင်လယ်ပိုင်နက်အတွင်း ရေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းကို လုပ်‌ ဆောင်ခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်တာဟာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာ ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ပေးလိုက်ပါတယ်။ ဗြိတိန်ကိုလည်း လျော်ကြေးငွေ ချမှတ်ခဲ့ပါတယ်။ ဒါဟာ ဘာကိုပြလိုက်သလဲဆိုရင် နိုင်ငံကြီးတနိုင်ငံအနေနဲ့ ကိုယ်ထင်ရာစိုင်း လုပ်ချင်သလို လုပ်လို့မရကြောင်း ဥပဒေအရ သတိပေးလိုက်တာပါ။

ဘာဆက်လုပ်မှာလဲ

ဒါတွေကတော့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ပတ်သက်လို့ တင်ပြခဲ့တာပါ။ ဒီတင်ပြချက်တွေအရ လက်ရှိ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ဆက်ဆံနေတာတွေဟာ အချုပ်အခြာ အာဏာကို ချိုးဖောက်နေတယ်ဆိုတာ ထင်သာမြင်သာရှိလှပါတယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း တရုတ်က အင်အားကြီးလို့၊ အိမ်နီးချင်းဖြစ်လို့၊ ပထဝီ နိုင်ငံရေးကို ထည့်တွက်ရမှာမို့ စတဲ့ ဆရာကြီးတွေ စကားတွေကိုပဲ နားထောင်ရင်း တရုတ်လုပ်သမျှ ခေါင်းငုံ့မခံဖို့ လိုအပ်ပါတယ်။ တချိန်တုန်းက ဂရိပြည်မှာ အေသင် နဲ့ စပါတာလို မြို့ပြနိုင်ငံ‌တွေပေါင်းပြီး ဗိုလ်ကျစိုးမိုးချင်တဲ့ ပါရှားအင်ပါယာကြီး ကို ရွပ်ရွပ်ချွံချွံတော်လှန်ပြီး အောင်ပွဲရခဲ့တဲ့ သမိုင်းကြောင်း ရှိတယ်ဆိုတာကိုလည်း မမေ့စေချင်ပါဘူး။

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024