တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ကားတွေအတွက် ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲတွေအပေါ် ခွဲခြားဖိနှိပ် အရေးယူဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) ရဲ့ အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။
အမျိုးသားလုံခြုံရေး စိုးရိမ်စရာတွေကြောင့် အမေရိကန်နိုင်ငံထဲက တရုတ်ဆော့ဖ်ဝဲတွေ ဟာ့ဒ်ဝဲတွေနဲ့ ပတ်သက်နေတဲ့ ကားတွေနဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတွေကို သုံးစွဲမှု တားမြစ်ပိတ်ပင်ရေး အဆိုပြုနိုင်ဖို့ အမေရိကန် စီးပွားရေးဝန်ကြီးဌာနက ပြင်ဆင်နေတယ် ဆိုတဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ လင်ကျန်းက သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။
အမေရိကန်နိုင်ငံက ကုမ္ပဏီတွေနဲ့ ထုတ်ကုန်တွေအပေါ် ခွဲခြားဆက်ဆံ ဆောင်ရွက်ချက်တွေဟာ အခြေခံ WTO စည်းမျဉ်းတွေကို ချိုးဖောက်ပြီး နိုင်ငံတကာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို နှောင့်ယှက်နေတယ်၊ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို မတည်မငြိမ်ဖြစ်အောင်လုပ်ရင်း နောက်ဆုံးမှာ သူ့ကိုယ်ပိုင် အကျိုးစီးပွားကို ထိခိုက်လာလိမ့်မယ်လို့ လင်ကျန်းက ပြောပါတယ်။
ဒါ့အပြင် အမေရိကန်အနေနဲ့ အမျိုးသားလုံခြုံရေးကို အသုံးချပြီး တခြားနိုင်ငံတွေကို ဖိနှိပ်ချုပ်ချယ်တာကို ရပ်တန့်ပြီး တခြားနိုင်ငံတွေက ကုမ္ပဏီတွေအတွက် ပွင့်လင်းမျှတတဲ့၊ ပွင့်လင်းမြင်သာမှုနဲ့ ခွဲခြားဆက်ဆံမှုမရှိတဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးသင့်ပါတယ်လို့လည်း လင်ကျန်းက ပြောပါတယ်။
Source-Reuters